မော်လမြိုင် ၊ ဇန်နဝါရီ ၈

မွန်ပြည်နယ်ကနေ ထွက်ရှိနေတဲ့ နေလှန်ဆားတွေဟာ ဆားပေါ်ကာလမှာ ဈေးကောင်းမရတဲ့အပြင် အရင်လို လာရောက်ဝယ်ယူသူမရှိဘဲ ဝယ်လက်ပျောက်တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒေသတွင်းက နေလှန်ဆားတွေဟာ ပြီးခဲ့တဲ့ဒီဇင်ဘာတတိယအပတ်လောက်မှာ စတင်ထွက်ရှိခဲ့ပေမယ့် အဲဒီမတိုင်ခင်က နေလှန်းဆားတစ်ပိဿာကို ကျပ် ၁၇၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ကာ လက်ရှိမှာ တစ်ပိဿာ ကျပ် ၁၄၀ ဝန်းကျင်အထိ ဈေးနှုန်းကျဆင်းလာတာပါ။

ဒါ့အပြင် အရင်က ဆားတွေကို ငါးလုပ်ငန်း လုပ်ကိုင်သူတွေ၊ ဆားချော ပြန်လည် ထုတ်လုပ်သူတွေနဲ့ တခြားစက်မှုလုပ်ငန်းတချို့ လာရောက်ဝယ်ယူတာတွေ ရှိပေမယ့် လက်ရှိမှာအရင်လို လာရောက်ဝယ်ယူမှုမရှိတာကြောင့် အရောင်းအဝယ် အေးနေတာပါ။

ဆားတောင်သူတစ်ဦးကတော့ ဆားထွက်နည်းသေးတဲ့အချိန်မှာ ဈေးနှုန်းကျပြီး အရောင်းအဝယ် အေးနေတာကြောင့် အရှုံးပေါ် နေရသလို ဆားထွက်များချိန် ဈေးနှုန်းထက်ကျဖို့ ရှိတာကြောင့် အ ခက်အခဲရှိလာနိုင်တယ်လို့ ပြောပါတယ်။

“အရောင်းအဝယ်က အေးနေတယ်။ ဥပမာလိုတဲ့သူ ရှိတဲ့သူတွေလည်း အရင်လိုမျိုး အရောင်းအ ဝယ်မဖြစ်နေဘူး။ အခုလက်ရှိ ပေါက်ဈေးနဲ့ဆိုရင်တော့ အရှုံးပေါ်တာပေါ့။ ပြီးတော့ ဆားထွက်များလာရင် ဈေးကပိုကျလာမှာ။ အခုဆားက နည်းနည်းပဲထွက်သေးတယ်။ ဒီလောက်ကျနေတယ်ဆိုရင် ဆားထွက်များလာလို့ ရောင်းကြရင် ဆားဈေးကပိုကျမှာပေါ့။ အဲဒီအခက်အခဲတော့ ရှိတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ ဆားတောင်သူတွေဟာ ဆားထုတ်လုပ်တဲ့နေရာမှာ အလုပ်သမားအခက်အခဲ ရှိတာ၊ ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်တက်နေတာအပြင် အထွေထွေအကျပ်အတည်းတွေကြောင့် လုပ်ငန်းလည်ပတ်ဖို့ မနည်းရုန်းကန်နေရတာပါ။

ဆားတောင်သူ နောက်တစ်ဦးကလည်း ဆားဈေးမရတာအပြင် အလုပ်သမားစရိတ်နဲ့ အထွေထွေကုန်ကျစရိတ် မြင့်တက်နေတာကြောင့် အခြေအနေ သိပ်မကောင်းနေဘူးလို့ ပြောပါတယ်။

“ဆားဈေးက ကျွန်တော်တို့ကတော့ ဆားဈေးလည်းမရှိဘူး။ အလုပ်သမားက ဈေးများတယ်။ နောက်ပြီးတော့ ဒီဇယ်ဈေးကလည်း ဈေးများနေတော့ ကျွန်တော်တို့တွေ အခက်အခဲများစွာ ရှိတာပေါ့။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ကျွန်တော်တို့ကတော့ လုပ်တော့လုပ်နေတာပဲ ထွက်ဖို့ကလည်း အနည်းငယ်ကြာအုံးမှာပေါ့လေ” လို့ ဆိုပါတယ်။

ဆားလုပ်ငန်းတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးတဲ့အတွက် အရင်နှစ်ကထက် လုပ်အားခကိုတိုးပြီး ခေါ်ယူရတာရှိသလို ပြီးခဲ့တဲ့ နှစ်တွေကလည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အရှုံးပေါ်တာတွေ ရှိခဲ့တာပါ။

မွန်ပြည်နယ်မှာ နေလှန်းဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့မှာ အဓိကထုတ်လုပ်နေတာ ဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် ၄၀,၀၀၀ ကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ နေလှန်းဆားတွေကိုတော့ ရန်ကုန်၊ မန္တလေး အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Kyaw Lin Htoon

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.