မုဒုံ၊ ဇန်နဝါရီ ၈
မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီး မုဒုံ – သံဖြူဇရပ်ကားလမ်းမှာ “မန္တလာမင်း” ခရီးသည်တင်ကားရဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်း ဆီးခေါ်ဆောင်သွားတယ် လို့ ယာဉ်လိုင်းနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ မုဒုံမြို့ကနေ သံဖြူဇရပ်မြို့ဘက်သို့ မောင်းနှင်းလာတဲ့ “မန္တလာမင်း”ခရီးသည်တင်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက တားဆီးရပ်တန့်စေခဲ့တာပါ။
အဲဒီနောက် ယာဉ်ပေါ်ပါလာတဲ့ ခရီးသည် ၁၀ ဦးကို ကားပေါ်ကနေ ဆင်းခိုင်းပြီးနောက် ယာဉ်မောင်း ကို စည်သူနဲ့ ယာဉ်နောက်လိုက်ကို ခရီသည်တင်ကားနဲ့အတူ ကွမ်လှကျေးရွာဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
အဲဒီခရီးသည်တင်ကားမှာ GPS ပါရှိတာကြောင့် ဇန်နဝါရီ ၆ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ယာဉ်လိုင်းတာဝန်ရှိသူတွေနဲ့ စစ်ကောင်စီပူးပေါင်းအဖွဲ့တွေ သွားရောက်ရှာဖွေစဉ် ခရီးသည်တင်ကားကိုသာ တွေ့ရှိခဲ့တာပါ။
ခရီးသည်တင်ကားကိုတော့ မုဒုံမြို့ရဲစခန်းထံ ပြန်လည်မောင်းနှင်းလာခဲ့ပြီး ကားအတွင်းရှိ ခရီသည်တွေရဲ့ ကုန်ပစ္စည်းတွေကိုတော့ သံဖြူဇရပ်မြို့ရှိ မန္တလာမင်းကားဂိတ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ “မန္တလာမင်း”ခရီးသည်တင်ကားရဲ့ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် နှစ်ဦးက တော့ ဇန်နဝါ ရီ ၇ ရက်နေ့ ညနေပိုင်းအထိ အဆက်အသွယ် မရသေးဘူးလို့ ယာဉ်နဲ့လိုင်း နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ယာဉ်ပေါ်ပါလာတဲ့သူတွေရဲ့ ပြောပြချက်အရ လက်နက်ကိုင်အဖွဲ့ဟာ ခရီးသည်တွေရဲ့ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်ကအစ ဘာပစ္စည်းမှ မယူဆောင်သွားဘဲ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်နှစ်ဦးကိုသာ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် နှစ်ဦး ဖမ်းဆီးခံရတဲ့ မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာဟာ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP AD အဓိကလှုပ်ရှားတဲ့ဒေသဖြစ်ပြီး ဒီဖြစ်စဉ်နဲ့ NMSP AD ပြောခွင့်ရထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပါတယ်။
NMSP AD ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံရှိ မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးကို စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားနောက် သုံးရက်အကြာမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ