ဆိုးလ်၊ ဇန်နဝါရီ ၇

ပစိဖိတ်ဒေသရှိ ပြိုင်ဖက် မှန်သမျှကို ယုံကြည်စိတ်ချစွာ ထိန်းချုပ်နိုင်မယ့် အသံထက် ပိုမြန်တဲ့ ထိပ်ဖူးတပ် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အသစ်တစ်မျိုး စမ်းသပ် ပစ်လွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားလိုက်ပါတယ်။

နှစ်လအတွင်း ဒုတိယအကြိမ်အနေနဲ့ ဇန်နဝါရီ ၆ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဆိုးလ်မြို့သို့ ရောက်ရှိနေပြီး တောင်ကိုရီးယားခေါင်းဆောင် တချို့နဲ့ ဆွေးနွေးနေချိန်မှာ မြောက်ကိုရီးယားက အဲဒီဒုံးကျည်ကို စမ်းသပ် ပစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။

အသံထက်ပိုမြန်တဲ့ လက်နက်တွေဟာ အသံရဲ့ အမြန်နှုန်းထက် ၅ ဆပိုပြီး မြန်တာကြောင့် ခြေရာခံရ ပိုခက်ခဲသလို ပစ်ချဖို့လည်း ပိုခက်ခဲပါတယ်။

မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည်ဟာ အသံထက် ၁၂ ဆ ပိုမြန်တယ်လို့ ပြောထားတာကြောင့် တစ်နာရီ ကီလိုမီတာ ၁၅၀၀ နှုန်းနဲ့ ပစ်လွှတ်ခဲ့တယ်လို့ ယူဆရပါတယ်။

အဲဒီ ဒုံးကျည်ဟာ ရေပြင်ထဲသို့ မကျဆင်းခင် ကီလိုမီတာ ၁၁၀၀ အထိ လေထဲမှာ ရှိနေခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောကြားထားပြီး မြောက်ကိုရီးယားရဲ့ ရန်စတဲ့ လုပ်ရပ်ကို ပြစ်တင် ရှုတ်ချခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ အရင်ကလည်း အသံထက်ပိုမြန်တဲ့ ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့ဖူးပါတယ်။

နိုင်ငံပိုင်း KCNA သတင်းဌာနက ဖော်ပြတဲ့ ဓာတ်ပုံတွေအရ ဇန်နဝါရီ ၆ ရက်မှာ မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်နဲ့ ဆင်တူနေတာ တွေ့ရပါတယ်။

ဒါပေမဲ့ ပြုံးယမ်းအစိုးရကတော့ နောက်ဆုံး ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ အားလုံး နည်းပညာ အသစ်တွေ ဖြစ်တယ်လို့ ပြောပါတယ်။

မိမိတို့ရဲ့ တရားဝင် အကျိုးစီးပွားတွေကို ကာကွယ်ရေး ဘယ်နည်းလမ်းနဲ့မဆို ကြိုးပမ်းသွားမယ်ဆိုတာ ပြိုင်ဖက်တွေကို ပြသလိုက်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဇန်နဝါရီ ၆ ရက် စမ်းသပ်မှု အပြီးမှာ ပြောကြားခဲ့ပါတယ်။

အသံထက် ပိုမြန်တဲ့ ဒုံးကျည်တွေကို အာကာသ အခြေခံ အာရုံခံ ကိရိယာတွေနဲ့ ခြေရာခံလို့ ရနိုင်ပါတယ်။

ဒါပေမဲ့ လက်ရှိ နည်းပညာတွေနဲ့ အသံထက်ပိုမြန်တဲ့ ဒုံးကျည်တွေကို ကြားဖြတ် ပစ်ချနိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ် နေပါတယ်။

လောလောဆယ် ရုရှားက ယူကရိန်းကို အသံထက်ပိုမြန်တဲ့ ဒုံးကျည်တွေ သုံးပြီး တိုက်ခိုက်နေပါတယ်။

ရုရှားက မြောက်ကိုရီးယားသို့ သူတို့ရဲ့ အဆင့်မြင့် နည်းပညာတွေကို လွှဲပြောင်း ပေးလိုက်ပုံ ရကြောင်း နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က တောင်ကိုရီးယား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုအတွင်း မှတ်ချက် ပြုခဲ့ ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.