ပုလော၊ ဇန်နဝါရီ ၇
တနင်္သာရီတိုင်း ပုလောမြို့ အမှတ် ၂ ရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(စရဖ) ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီးနောက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရပါတယ်။
စရဖရုံးနဲ့ကပ်လျှက်ရှိတဲ့ မြို့တော်ခန်းမမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်မှာ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။
ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်သားတွေက သေနတ် ခြောက်ချက်လောက်သာ ရမ်းသမ်းပစ်ခတ်ပြီး ထွက်ပြေးသွားတာကြောင့် မိနစ်ပိုင်းအတွင်းမှာပဲ စရဖရုံးကို စီးနင်းနိုင်ခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ရုံးကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ရာ ကျည်ဘောက်အပါအဝင် ကျည်ဆံအချို့နဲ့ စာရွက်စာတမ်းတွေ သိမ်း ဆည်းရမိခဲ့ပြီး စရဖရုံးကိုတော့ မီးရှို့ဖျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာကြောင့် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ အမှတ် ၂ ရပ်ကွက်ရှိ စရဖ ရုံးအနီးအနားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးချထားပြီး ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကလည်း ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း