ထားဝယ်၊ ဇန်နဝါရီ ၇
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ မဲချောင်းကျေးရွာတိုက်ပွဲမှာ PDF ရဲဘော်သုံးဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးစစ်ကြောင်းဖြစ်တဲ့ ဒူရကစစ်ကြောင်းက ဇန်နဝါရီ ၇ ရက်နေ့မှာ သ တင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ် ၂ နာရီခန့်မှာ အင်အား ၄၀ ကျော်နဲ့ တပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ မဲချောင်းကျေးရွာ ရှစ်မိုင်စစ်ဆေးရေးဂိတ်နဲ့စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက် ပွဲ ၂ နာရီကျော်ကြာဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် စခန်းကုန်းတက်သိမ်းမှုမှာ RPG ထိမှန်မှုကြောင့်PDF ရဲဘော် သုံးဦး ကျဆုံးသွားတဲ့အတွက် စစ်ကြောင်းပြန်ဆုတ်ခဲ့ရတယ်လို့ ဒူရကစစ်ကြောင်းမှူးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ငါးဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိနေသလို တိုက် ပွဲပြီးနောက် စစ်ဆေးရေးဂိတ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ MA ကျည်ပေါက် ၄ ခု၊ လက်ကိုင်ဖုန်း ၂ လုံး၊ စကားပြောစက် ၃ လုံး၊ ကျည် ၂၆၅ တောင့်၊ အီကွေမန့်တစ်စုံတို့ကို သိမ်းဆည်းရရှိခဲ့တာပါ။
ဒီတိုက်ခိုက်မှုကိုတော့ ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ DNLA၊ YPPDF၊ ဖက်ဒရယ်ဓူဝံကြယ် ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးအဖွဲ့တွေပြန်ဆုတ်သွားပြီးနောက် အင်အား ထပ်တိုးချထားကာ အပျက်အစီးတွေကို ရှင်းလင်းပြီး ဘန်ကာတွေ ထပ်မံတည်ဆောက်နေတယ်လို့ နယ်မြေသ တင်းရင်းမြစ်တွေထံက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း