မော်လမြိုင် ၊ ဇန်နဝါရီ ၇
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီဆိုပြီး နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်ခေါင်း ဆောင်က ဥပဒေရေးဆွဲရေးမှာ ပါဝင်ခဲ့တဲ့ မွန်ပြည်နယ်က လူပုဂ္ဂိုလ် ၁၇ ဦးကို လူမှုထူးချွန်တံဆပ် (ပထမအဆင့်) ပေးအပ်ခဲ့တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အခြေခံဥပဒေရေးဆွဲရာမှာ အခြေခံမူတွေချမှတ်နိုင်ရေး အမျိုးသားညီလာခံမှာ ပါဝင်ခဲ့ကြတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ လူပုဂ္ဂိုလ် ၂၄၉ ဦးကို စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်တွေ ချီးမြှင့်ခဲ့တာပါ။
လူမှုထူးချွန်ဆုတွေထဲမှာ မွန်ပြည်နယ်က မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်ချေမွန်၊ နိုင်တလမွန်၊ နိုင်အေကနဲ့ နိုင်ခင်စိုးတို့အပါအဝင် ဗမာ၊ ကရင်နဲ့ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ် စားလှယ်တွေလည်း ပါဝင်ပါတယ်။
အဲဒီထဲမှာ ၂၀၁၀ ခုနှစ် မွန်ပြည်နယ်က ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်ခဲ့တဲ့ ခွန်ဖေမြနဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ရီရီမြင့်လည်း ပါဝင်တာတွေ့ရပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ၂၀၀၈ အခြေခံဥပဒေဟာ တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်ရေးဆွဲထားတာမို့ ကြံရာပါဖြစ်တာကို ပြချင်လို့ အခုလိုလုပ်လာတာလို့ သုံးသပ်ပါတယ်။
“ပြည်သူပြည်သားတွေကို ၂၀၀၈ အခြေခံဥပဒေဟာ စစ်တပ်ကရေးဆွဲထားတာ မဟုတ်ဘူး။ မွန်တိုင်းရင်းသားတွေအပါအဝင် အခြားသော တိုင်းရင်းသားကိုယ်စားလှယ် ပြည်သူတွေရဲ့ ကိုယ်စား လှယ်တွေနဲ့ ရေးဆွဲထားတာကို ပြည်သူတွေကို သူတို့က (စကစ) မျက်လှည့်ပြချင်လို့ မီးမောင်းထိုးပြချင်လို့ အခုလိုဆုပေးမှုတွေ လုပ်လာတာဖြစ်တယ်။ အခုမှဘာလို့ လုပ်သလဲဆိုရင် စစ်ကောင်စီဟာ ဒီကနေ့စစ်ရေးအရရော နိုင်ငံရေးအရရော ဘေးကျပ်နံကျပ်ဖြစ်လာတဲ့အပေါ် ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါက်ရှာနေတာ ဖြစ်တယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့မှာလည်း မွန်ပြည်သစ်ပါတီက စစ်ဦးစီးချုပ်ဟောင်းအပါအဝင် ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်ဟောင်း ၅ ဦးကိုလည်း အလားတူ လူမှုထူးချွန်တံဆိပ် (ပထမအဆင့်) ချီးမြှင့်ခဲ့သေးတာပါ။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် အာဏာသိမ်းမှုတွေကြား အရပ်သားကိုယ်စားလှယ်တွေ အုပ် ချုပ်တဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေးအတွက် ရေးဆွဲပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တတိယမြောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ် ဇန်နဝါရီမှာ စတင်ကျင့်သုံးခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ ရွေးကောက်ပွဲ မဲမသမာမှု စွပ်စွဲချက်နဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး နိုင် ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာကာ ဥပဒေနဲ့အညီ နိုင်ငံ့အာဏာကို လွှဲပြောင်းရယူတာလို့ စစ်ကောင်စီကအကြောင်းပြခဲ့ပါတယ်။
ဒီအတွက်ကြောင့် လက်ရှိ တော်လှန်ရေးဟာ နိုင်ငံရေးမှာ စစ်တပ်ပါဝင်နေမှုကို အပြီးတိုင်ဖယ်ရှားရေးအတွက် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီး အားလုံးလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအသစ်နဲ့ အနာ ဂတ်ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်ရေးအတွက် လုပ်ဆောင်နေကြတာပါ။
ဒီအပေါ် စစ်ရေးနိုင်ငံရေးတွေမှာ အကြပ်ဆိုက်လာနေတဲ့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ဆက်ဖို့ နည်းမျိုးစုံ ကြိုးပမ်းကာ ဆုတံဆိပ်တွေ ချီးမြှင့်ပြီး စည်းရုံးသိမ်းသွင်းတဲ့ သဘောလို့ ဝေဖန်မှုတွေလည်း ရှိနေပြန်ပါတယ်။
နိုင်နဂါးကတော့ ၂၀၀၈ အခြေခံဥပဒေနဲ့ နိုင်ငံရေးမှာ စစ်တပ်က ကြီးစိုးခြယ်လှယ်သွားဖို့ အစီအစဉ်တကျ လုပ်တာလို့ ထောက်ပြပါတယ်။
“ချော့တစ်ခါ ခြောက်တစ်လှည့်နဲ့ အခုလို ၂၀၀၈ အခြေခံဥပဒေကို ဆက်လက်အတည်ပြုသွားဖို့ နိုင်ငံရေးမှာ စစ်တပ်ကဆက်လက်ပြီး ကြီးစိုးခြယ်လှယ်သွားဖို့ အခုလိုအစီအစဉ်တကျ လုပ်တာလို့ ကျွန်တော့်အနေနဲ့ ထပ်လောင်းပြောချင်တယ်ဗျ။နောက်တစ်ခုက ကျွန်တော်တို့ ဒီနေ့ စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတာဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အရေး လူ့အခွင့်အရေးနဲ့သာယာဝပြောတဲ့ တန်းတူညီမျှမှုရှိတဲ့ နိုင်ငံသစ်တစ်ခု ပေါ်ထွန်းလာဖို့ တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း လွတ်လပ်ရေးနေ့အပါအဝင် အမျိုးသားအောင်ပွဲနေ့၊ တပ်မတော်နေ့နဲ့ မြန်မာ့နှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ စတဲ့ အထိမ်းအမှတ်နေ့တွေမှာ သက် ရှိထင်ရှားသူတွေနဲ့ ကွယ်လွန်သွားသူတွေကို ဘွဲ့တံဆိပ်တွေရာနဲ့ချီ ပေးအပ်လေ့ရှိပါတယ်။
အဲဒီထဲမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တော်လှန်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ ခေါင်းဆောင်တချို့ နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြတဲ့ နိုင်ငံရေးပါတီဝင်တချို့လည်းဆုပေးတဲ့ အမည်စာရင်းထဲ ပါဝင်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI