နေပြည်တော် ၊ ဇန်နဝါရီ ၄

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးရှိ မြို့ နယ် စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းသာ စစ်ကောင်စီအတွက် ကျန်ရှိတော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ ထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေက စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ်ပေါင်း ၁၄၄ ခုထဲက မြို့ပေါင်း ၉၅ မြို့ ကို အပြီးသတ်သိမ်းပိုက်ထားတာပါ။

ရာခိုင်နှုန်းအနေနဲ့ တစ်နိုင်ငံလုံး မြို့နယ်စုစုပေါင်းရဲ့ ၅၅ ရာခိုင်နှုန်းကို စစ်ကောင်စီ လက်လွှတ်ထားရပြီး ကျန်တဲ့ ၂၄ ရာခိုင်နှုန်းမှာ တိုက်ပွဲဖြစ်နေတာမို့ စစ်ကောင်စီအနေနဲ့ ၃၂ ရာခိုင်နှုန်းသာ ကျန်ရှိတဲ့အတွက် နိုင်ငံရဲ့ သုံးပုံတစ်ပုံကိုတောင် စိုးမိုးအုပ်ချုပ်နိုင်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။

နယ်စပ်မြို့တွေနဲ့ပတ်သက်ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ဆက်သွယ်တဲ့ အဓိက နယ်စပ်ကုန်သွယ်‌ရေးမြို့ အနည်းဆုံး ၁၁ မြို့ ကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီးဖြစ်တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

အင်အားပြုန်းတီးမှုမှာတော့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာနှောင်းပိုင်းအထိ စစ်ကောင်စီ စစ်အရာရှိ ၃၁၅ ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရသူ ၁၂၇ ဦး စုစုပေါင်း ၄၄၀ ကျော်ရှိတဲ့ထဲက ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်နဲ့ ဗိုလ်မှူးကြီး အဆင့်ရှိသူ အနည်းဆုံး ၅၃ ဦးလည်း သေဆုံး၊ဒဏ်ရာရနဲ့ သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီကာလအတွင်း စစ်သား၊ ရဲနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် သေဆုံးပြီး ဒဏ်ရာရသူ ၇၃၆၃ ဦး စုစုပေါင်း ၂၁၄၀၀ ကျော် ရှိခဲ့တဲ့အတွက် ရန်သူ့တပ်မအင်အား ၁၀ ခုကျော် ပမာဏနဲ့ ညီမျှတဲ့ အင်အား ဆုံးရှုံးခဲ့တယ်လို့ NUG က ဆိုပါတယ်။

တပ်စခန်းဆုံးရှုံးမှုမှာ တော်လှန်ရေးအဖွဲ့အသီးသီးက တစ်နိုင်ငံလုံးရှိ စစ်ကောင်စီစခန်းပေါင်း ၇၄၁ ခု ကို သိမ်းယူထားနိုင်ပြီး အဲဒီစခန်းတွေထဲက စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့မှာ PDF ၊ ပကဖ နဲ့ ဒေသကာကွယ်ရေးတပ်တွေက သိမ်းပိုက်ခဲ့တဲ့ စခန်း ၁၆၂ ခု ပါဝင်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအဖွဲ့အသီးသီးရဲ့ တိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ် ၂ ခု၊ ဒကစ ဌာနချုပ် ၁ ခု၊ စကခဌာနချုပ် ၅ ခု၊ စစ်ဗျူဟာအခြေချစခန်း ၆ ခု၊ လေတပ်ဆွယ် ၂ ခု၊ တိုက်ခိုက်ရေးနောက်တန်းစခန်း ၈၆ ခု၊ လက်ရုံးနောက်တန်းစခန်း ၅၄ ခု၊ နယ်ခြားစောင့်စခန်း ၁၇ ခု စုစုပေါင်း အခြေစိုက်ဌာနချုပ်စခန်း ၁၇၃ ခု စစ်ကောင်စီ ဆုံးရှုံးခဲ့ရတာပါ။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ အဓိက တိုက်ခိုက်‌ရေးအင်အားဖြစ်တဲ့ တပ်မ ၁၀ ခု၊ စကခ ၁၇ ခုနဲ့ တပ်မဟာ ၃ ခုက စုစုပေါင်း တပ်ရင်း ၂၈၂ ရင်းမှာ အနည်းဆုံး တပ်ရင်း ၁၀၁ ရင်းခန့် ဖွဲ့စည်းပုံပျက်နေပြီး ၁၄၂ ရင်းဟာ အင်အားချိနဲနေတယ်လို့ NUG က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းရေးအစီအစဉ်ကလည်း အောင်မြင်မှုမရှိဘဲ အဲဒီတပ်သားသစ်တွေဟာ စစ်ကောင်စီအတွက် တိုက်ခိုက်‌ရေးအင်အားဖြစ်မလာဘဲ လက်နက်နဲ့တကွ အလင်းဝင်မှုတွေ တပ်ပြေးတွေ သုံ့ပန်းအဖြစ် အဖမ်းခံရမှုတွေ များပြားနေတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

တစ်ဘက်မှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ဘက်ပြောင်းလာတဲ့ စစ်ကောင်စီ တပ်သား ၃၈၇၀ ကျော်နဲ့ ရဲ ၁၀၈၈၀ ကျော် စုစုပေါင်း ၁၄၇၆၀ ကျော် ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ပါတယ်။

အဲဒီထဲမှာ အရာရှိအဆင့် ဒုဗိုလ်မှူးကြီး ၊ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်အဆင့်အထိ ရှိခဲ့ပြီး အမျိုးသား၊ အမျိုးသမီး အရေအတွက် စုစုပေါင်း ၃၈၇၂ ဦး ရှိတယ်လို့ အစီရင်ခံစာကနေ သိရပါတယ်။

လက်နက်နဲ့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူ ၂၁၀ ဦးထံက လက်နက်မျိုးစုံ ၂၂၈ လက်နဲ့ ခဲယမ်းကျည်မျိုးစုံ ၃၂၇၀၀ ကျော်လည်း ရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ၂၀၂၄ တစ်နှစ်အတွင်း တပ်သား ၄၂၅ ဦးနဲ့ ရဲ ၁၄၂ ဦး စုစုပေါင်း ၅၆၇ ဦး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ရင်ခွင်ခိုလှုံလာသူတွေထဲက ၄၈၀ ကျော်ဟာ PDF ရဲဘော်တွေအဖြစ် ခံယူကာ တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေး၊ တပ်ရင်း တပ်ဖွဲ့ စစ်ကြောင်းတွေ ပကဖ တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေကြတယ်လို့ အသိပေးထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပကဖတွေဟာ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရဲ့ နယ်မြေတွေ လွတ်မြောက်ရေးအတွက် ပြည်နယ်အားလုံးမှာ ပူးပေါင်းတိုက်ပွဲဝင်နေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG/TNLA /AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.