မော်လမြိုင် ၊ ဒီဇင်ဘာ ၃၁

မွန်ပြည်နယ်မှာ အခုလအတွင်း စစ်ကောင်စီက ညပိုင်းအချိန် လူငယ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဖမ်းဆီးမှုမှာ ဒေသန္တရအမိန့် ဖောက်ဖျက်မှု ကျူးလွန်သူတွေ၊ ညပိုင်းအပြင်ထွက်သွားလာသူတွေအပြင် ဧည့်စာရင်းအကြောင်းပြချက်နဲ့ နေအိမ်တွေ ဝင်ရောက်ဖမ်းဆီးမှုတွေအထိ ရှိလာခဲ့တာပါ။

သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုတွေအရ အခုလို ဖမ်းဆီးမှုတွေဟာ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ မြို့နယ်လုံးမှာ ဖြစ်ပွားနေတာဖြစ်ပြီး အဲဒီထဲမှာ သထုံခရိုင်ရဲ့ မြို့နယ်လေးခုမှာ အများဆုံး ဖမ်းဆီးခံနေရတာ ဖြစ်ပါတယ်။

သထုံဒေသခံတစ်ဦးက အရင်ကညပိုင်းအချိန် အပြင်ထွက်သွားလာသူတွေကိုသာ ဖမ်းဆီးရာမှာ အခုနောက်ပိုင်း ဧည့်စာရင်းအကြောင်းပြချက်နဲ့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။

“အရင်တုန်းကကျတော့ ညအချိန်မတော် အပြင်ထွက်လို့ ဖမ်းတာမျိုးတို့ ဘာတို့ အဲဒီလိုမျိုး အ ကြောင်းပြချက်တွေနဲ့ ဖမ်းတယ်။ ဒီနောက်ပိုင်းကျတော့ အဲဒီလိုမျိုး မဟုတ်တော့ဘူး။ ဧည့်စာရင်း စစ်မယ်ဆိုပြီးတော့ ဝင်စစ်တယ်။ အဲဒီဧည့်စာရင်းစစ်တဲ့အိမ်မှာ ဒီစစ်မှုထမ်းဥပဒေနဲ့ အသက်ဝင်တဲ့ လူငယ်တွေရှိရင် တစ်ခါတည်း ခေါ်ဆောင်သွားတယ်” လို့ ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အများစုကို စစ်ကောင်စီဘက်က ပြန်လွှတ်ပေးတာမရှိဘဲ စစ်မှုထမ်းအဖြစ် စစ်သားစုဆောင်းမှုတွေရှိနေပြီး ငွေကြေးတတ်နိုင်သူတချို့သာ ငွေပေးပြီး ပြန်လွှတ်လာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

သံလွင်တိုင်းမ်ထံ သတင်းပေးလာတဲ့ ပေါင်မြို့နယ်က ဖမ်းဆီးခံရတဲ့ မိဘတစ်ဦးကတော့ သူ့သားဖြစ်သူဟာ ဇာတ်ပွဲသွားရင်း အတင်းအဓမ္မ ဖမ်းဆီးခံလိုက်ရပြီး ၁၀ ရက်ကြာတဲ့အထိ အဆက်အ သွယ် မရသေးဘူးလို့ ပြောပါတယ်။

မုဒုံဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က ညပိုင်းအချိန် လူငယ်တွေကို အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးပြီး စစ်သားစုဆောင်းနေတဲ့အတွက် ညပိုင်းအချိန် အပြင်ထွက်သွားလာသူ မရှိသ လောက် နည်းပါးသွားပြီလို့ ပြောပါတယ်။

“ကျွန်တော်တို့ မုဒုံမြို့ပေါ် ရပ်ကွက်တွေမှာ ဖြစ်နေတာ။ လူပြတ်တဲ့ နေရာတွေမှာ အဓိထား စောင့်ဖမ်းတာ။ ပြီးခဲ့တဲ့ ရက်ကတော့ လူငယ် ၅/၆ ယောက်လောက် အဖမ်းခံရတယ်။ ဒီနောက်ပိုင်း ညပိုင်းဆိုရင် ဘယ်သူမှ အပြင်မထွက်ကြတော့ဘူး” လို့ ဆိုပါတယ်။

ညပိုင်းအချိန် လူငယ်တွေ ပေါ်တာဆွဲဖမ်းဆီးခံနေရပေမယ့် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အခုလိုဖြစ်စဉ် ၁၀ ခုမှာ ၉ ခုလောက်ဟာ မှန်ကန်မှုမရှိဘူးလို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တုံ့ပြန်ထား ပါတယ်။

ဒါပေမယ့် စစ်ကောင်စီနဲ့ နီးစပ်သူတွေရဲ့အဆိုအရ စစ်ကောင်စီဘက်က စစ်မှုထမ်းသင်တန်း လတိုင်းဖွင့်လှစ်နိုင် ရေးအတွက် ဒေသန္တရအမိန့် ဖောက်ဖျက်သူတွေနဲ့ စစ်မှုထမ်း အမည်စာရင်း ပါရှိသူတွေကို မထင်ရင်မထင်သလို ဖမ်းဆီးစစ်သားစုဆောင်းဖို့ ညွှန်ကြားထားတာပါ။

ဘီးလင်း ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က ညပိုင်းအပြင်ထွက် သွားလာသူတွေအပြင် ပေါ်တာဆွဲ ဖမ်းဆီးမှုတွေပါ ရှိလာတာကြောင့် ဒေသတွင်းမှာ စိုးရိမ်ပူပန်မှုတွေ မြင့်တက်လာတယ်လို့ ပြောပါတယ်။

“ညနေကျရင် အာဝါဒါတွေပေါ့။ သောက်ပြီး စားပြီးတဲ့ ကလေးတွေ ည ၁၀ နာရီ/၁၁နာရီလောက် အပြင်မှာနေတဲ့ ကလေးတွေ အဲဒါတွေ့ရင် ခေါ်တင်သွားတယ်။ ပြီးတော့ ပေါ်တာဆွဲသလို ဖမ်းတာလည်း ရှိတယ်။ ဒေသခံတွေက ဘယ်လိုလည်းဆိုတော့ အတင်းအဓမ္မကြီး အိမ်ပေါ်တက် ဆွဲမယ့် အနေအထားမျိုး ဘာညာဒါကတော့ စိုးရိမ်နေရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို ဒေသတွင်းရှိ လူငယ်လူရွယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့အတွက် ပြည်သူတွေအကြား စိုးရိမ်ပူပန်မှုတွေရှိနေပြီး လမ်းသွားရင်တောင် မလုံခြုံမှု မရှိတော့တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၈ အထိ လူငယ် ၁၇၀၀ ထက်မနည်း စစ်သားစုဆောင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.