ပလိန်းစ်၊ ဒီဇင်ဘာ ၃၀
၃၉ ယောက်မြောက် အမေရိကန်သမ္မတ၊ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဂျင်မီကာတာဟာ အသက် ၁၀၀ အရွယ်မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း ကာတာ စင်တာက ဒီဇင်ဘာ ၂၉ ရက် ကြေညာချက်မှာ ဖော်ပြပါတယ်။
၁၉၇၇ ခုနှစ်ကနေ ၁၉၈၁ ခုနှစ်အထိ သမ္မတရာထူး တာဝန် ထမ်းဆောင်ခဲ့တဲ့ ကာတာဟာ သူ့ရဲ့ ဂျော်ဂျီယာပြည်နယ် ပလိန်းစ်မြို့ နေအိမ်မှာ ငြိမ်းချမ်းစွာ ကွယ်လွန်သွားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သူဟာ အမေရိကန် ရာဇဝင်မှာ အသက်အရှည်ဆုံး သမ္မတ ဖြစ်ပါတယ်။
မြို့ငယ်လေး ပလိန်းစ်မှာ ၁၉၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က မွေးဖွားခဲ့တဲ့ သမ္မတဟောင်း ကာတာဟာ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကြောင့် ဒီဇင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ချိန်အတွင်း သမ္မတဟောင်း ကာတာရဲ့ လုပ်ရပ်တွေဟာ အောင်မြင်မှုတွေ အထူးသဖြင့် နိုင်ငံခြားရေး မူဝါဒနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရောထွေးနေခဲ့တာ ဖြစ်ပါတယ်။
သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ ဒုတိယသက်တမ်း အတွက် ၁၉၈၀ ပြည့်နှစ်က ရွေးကောက်ပွဲ ဝင်ရာမှာ သမ္မတဟောင်း ရော်နယ် ရေဂန်က သောင်ပြိုကမ်းပြို အနိုင်ရခဲ့ပြီး သမ္မတဟောင်း ကာတာဟာ လူကြိုက်နည်းနေတဲ့ အချိန် ရာထူးက ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။
အိမ်ဖြူတော်က ထွက်သွားပြီးနောက် သမ္မတဟောင်း ကာတာဟာ သူ့ရဲ့ ဂုဏ်သတင်း ပြန်လည်ကောင်းမွန်လာရေး တော်တော်များများ လှုပ်ရှား ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးတို့ အတွက် လှုပ်ရှားဆောင်ရွက်ခဲ့တာကြောင့် နိုဘယ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။
မကြာမီ အမေရိကန်သမ္မတအဖြစ် တာဝန်ယူတော့မယ် ဒေါ်နယ် ထရန့်က သမ္မတဟောင်း ကာတာဟာ အမေရိကန်ကို ပိုကောင်းတဲ့ နေရာ တစ်ခု ဖြစ်လာအောင် ကြိုးစား လုပ်ဆောင်ပေးခဲ့တာကြောင့် အမေရိကန် ပြည်သူတွေအနေနဲ့ သူ့အပေါ်မှာ ကျေးဇူးအကြွေး ရှိတယ်လို့ ပြောကြားထားပါတယ်။
အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကလည်း ကာတာကို ချီးကျူးပြီး ကျင့်ဝတ်သိက္ခာ ကောင်းမွန်သူ ဖြစ်တယ်လို့ ပြောပါတယ်။ ကာတာဟာ အသက် ၁၀ဝ ပြည့် မွေးနေ့ကို ဆင်နွှဲနိုင်ခဲ့တဲ့ ပထမဆုံးသော အမေရိကန် သမ္မတ ဖြစ်ပါတယ်။
ကာတာဟာ မြေပဲ စိုက်ပျိုးတဲ့ တောင်သူအဖြစ်ကနေ ၁၉၇၇ ခုနှစ်မှာ အမေရိကန်သမ္မတ ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
သူဟာ လေးနှစ်သက်တမ်း တစ်ကြိမ်တည်း တာဝန် ထမ်းဆောင်ပြီးနောက် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ဝင်ရာမှာ ရော်နယ် ရေဂန်ကို အပြတ်အသတ် ရှုံးနိမ့်ပြီး အိမ်ဖြူတော်က ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ နိုင်ငံရေး လောကထဲ ရောက်မလာခင်က အမေရိကန် ရေတပ်မှာ ဒုဗိုလ်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့ပါသေးတယ်။
သူ့ရဲ့ ဈာပန အခမ်းအနားကို နိုင်ငံတော်အဆင့် ကျင်းပနိုင်ဖို့ ကြိုတင် ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။
Ref:BBC