ဂွ၊ ဒီဇင်ဘာ ၃၀

ရခိုင်ပြည်နယ်ရဲ့ တောင်ဘက်အကျဆုံးမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲအတွင်း တပ်မမှူး၊တပ်ရင်းမှူးတွေအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဂွမြို့ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နှစ်ပတ်ကျော်ကြာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ ၁၁ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင် အပါအဝင် တပ်ရင်းမှူးတချို့နဲ့ အခြားအဆင့် စစ်သည် ၇၀၀ ထက်မနည်း သေဆုံးခဲ့ကြောင်း မြေပြင်အလောင်းတွေနဲ့ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေရဲ့ ပြောဆိုချက် သိမ်းဆည်းရမိတဲ့ စာရွက်စာတမ်းတွေအရ သိရတယ်လို့ AA က ဆိုပါတယ်။

ဂွမြို့အခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်းတွေကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၂၉ ရက် နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ရှေ့ဆင့်နောက်ဆင့် သိမ်းပိုက်ရရှိခဲ့တာပါ။

ဂွအခြေစိုက်တပ်ရင်းတွေအပြင် ဂွမြို့ကို စစ်ကူလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ ၄၊ တပ်မ ၁၁ လက်အောက်ခံ ခမရ ၂၁၄၊ ၂၁၅ နဲ့ ၂၁၇ ၊ နတခ လက်အောက်ခံ ခလရ ၃၆၊ ၃၈၊ ၉၃၊ ၂၇၁ နဲ့ ခမရ ၃၀၈ တပ်ရင်းတွေကို တစ်ခုပြီးတစ်ခု ထိုးဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

AA ဖမ်းဆီးရမိတဲ့ စစ်သုံပန်းတွေကို စစ်ဆေးချက်အရ တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်ပြီး ဗျူဟာမှူးနှစ်ဦးနဲ့ အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို ပုံစံအမျိုးမျိုး၊ နည်းလမ်းအသွယ်သွယ်၊ သံချပ်ကာပစ်ကူ၊ လေကြောင်း၊ ရေကြောင်းပစ်ကူတို့အပြင် သံချပ်ကာ ၁၀ စီး၊ စစ်ကူအမြောက်အများနဲ့ ခုခံကာကွယ်ခဲ့တာပါ။

စစ်ကောင်စီဟာ ဂွမြို့ကို အင်အား ၁၂၀၀ ကျော်နဲ့ အပြင်းအထန် ခုခံကာကွယ်ခဲ့ပေမယ့် နောက်ဆုံးမှာ အာရက္ခတပ်တော် AA ရဲ့ ထိုးစစ်ကို မခုခံနိုင်ပဲ လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အာရက္ခတပ်တော် AA ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းရေး ပြဿနာတွေကို စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိနေတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ရခိုင်ဒေသမှာ စတင်ခဲ့တဲ့ စစ်ဆင်ရေးတစ်နှစ်ကျော်ကာလအတွင်း အာရက္ခတပ်တော် A ဟာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၄ မြို့ကို သိမ်းပိုက်ထားပြီး စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.