ဘာကူ၊ ဒီဇင်ဘာ ၃၀

လူအများအပြား သေဆုံးခဲ့ရတဲ့ အဇာဘိုင်ဂျန် ခရီးသည်တင် လေယာဉ် ပျက်ကျခဲ့ရတဲ့ အကြောင်းရင်း အမှန်ကို ကနဦးမှာ ရုရှားက ဖုံးကွယ်ထားဖို့ ကြိုးပမ်းခဲ့တယ်လို့ အဇာဘိုင်ဂျန်သမ္မတ အီဟမ် အလီယေ့ဗ်က စွပ်စွဲလိုက်ပြီး မော်စကိုအနေနဲ့ သူတို့ ပစ်ချလိုက်တာ ဖြစ်တယ်ဆိုတာကို ဝန်ခံဖို့ ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

AZAL Embraer 190 လေယာဉ်ဟာ ကာဇက်စတန်နိုင်ငံမှာ မှာ ပျက်ကျပြီး ယာဉ်ပေါ်ပါသူ ၆၇ ဦးထဲက ၃၈ဦး သေဆုံးခဲ့ရပါတယ်။

လေယာဉ် ပျက်ကျပြီး ၄ ရက်အကြာ ဘာကူမြို့ နိုင်ငံတကာလေဆိပ်မှာ နိုင်ငံပိုင်သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သမ္မတ အလီယေ့ဗ်က အခုလိုမျိုး စွပ်စွဲခဲ့လိုက်တာ ဖြစ်ပါတယ်။

ချေချင်းညာ ရုရှားပြည်ထောင်စုရဲ့ မြို့တော် ဂရိုဇနီမှာ ဆင်းသက်ဖို့ ကြိုးပမ်းချိန် အဲဒီ လေယာဉ်ကို ရုရှား လေကြောင်းရန် ကာကွယ်ရေး စနစ်က ပစ်ချခဲ့တာ ဖြစ်တယ်လို့ အဇာဘိုင်ဂျန် အရာရှိတွေက ပြောဆိုထားပါတယ်။

ကာဇက်စတန်မှာရှိတဲ့ ပို့ဆောင်ရေးဝန်ကြီးဌာနက အဲဒီ လေယာဉ်ရဲ့ ခရီးစဉ် မှတ်တမ်းတင်ကိရိယာ Black Box ကို လေ့လာစစ်ဆေးဖို့ပျက်ကျခဲ့တဲ့ Embraer လေယာဉ်ကို ထုတ်လုပ်တဲ့ ဘရာဇီးနိုင်ငံဆီ ပို့ဆောင်သွားမယ့်အကြောင်း ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားထားပါတယ်။

အဇာဘိုင်ဂျန်သမ္မတ အလီယေ့ဗ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းကနေ ဆက်သွယ် ဆွေးနွေးခဲ့ပြီး တစ်ရက်အကြာမှာ သူ့နိုင်ငံရဲ့ မဟာမိတ် ရုရှားကို အစဉ်အလာ မဟုတ်ဘဲ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဖုန်းခေါ်ဆိုမှုအတွင်း သမ္မတ ပူတင်က လေယာဉ် ပျက်ကျမှု အတွက် တာဝန်ရှိတယ်လို့ ပြောကြားခဲ့တဲ့ လက္ခဏာ မတွေ့ရကြောင်း ကရင်မလင် နန်းတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂရိုဇနီမြို့ အနီး ရုရှားပိုင်နက်ပေါ်မှာ အဇာဘိုင်ဂျန် အရပ်ဖက် လေယာဉ်ဟာ အပြင်ဖက်က ပျက်စီးသွားပြီး ထိန်းချုပ်မရ ဖြစ်သွားခဲ့တယ်လို့ အလီယေ့ဗ်က နိုင်ငံပိုင် ရုပ်သံလိုင်းကို ပြောဆိုထားတာပါ။

မြေပြင်ကနေ ပစ်ခတ်မှုကြောင့် လေယာဉ် အမြီးပိုင်း ပျက်စီးသွားပြီး တစ်ချိန်တည်းမှာပဲ လေယာဉ်ရဲ့ အီလက်ထရွန်နစ်စနစ်က လေယာဉ်ကို မထိန်းချုပ်နိုင် ဖြစ်သွားခဲ့ရတာလို့ အဇာဘိုင်ဂျန်သမ္မတက ပြောပါတယ်။

အဲဒီ လေယာဉ် ပျက်ကျတဲ့နေ့မှာ ဂရိုဇနီမြို့ကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှား အရာရှိတွေက ပြောကြားထားပါတယ်။

ရုရှားက လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းအမှန်ကို ဖုံးကွယ်ထားဖို့ ကြိုးပမ်းနေတယ်လို့ သမ္မတ အလီယေ့ဗ်က ပြောပါတယ်။
လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက ရုရှားအနေနဲ့ လူသိရှင်ကြား ပြန်လည် တောင်းပန်ဖို့ အဇာဘိုင်ဂျန်ဘက်က တောင်းဆိုထားပြီး ဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

ပထမဆုံးအနေနဲ့ ရုရှားက အဇာဘိုင်ဂျန်ကို တောင်းပန်ရမှာ ဖြစ်ပြီး ဒုတိယအနေနဲ့ သူတို့မှာ အပြစ်ရှိကြောင်း အသိအမှတ်ပြုရမှာ ဖြစ်ကာ တတိယအနေနဲ့ တာဝန်ရှိသူတွေကို အပြစ်ပေးရမယ်လို့ သမ္မတ အလီယေ့ဗ်က ပြောကြားထားပါတယ်။

သမ္မတ နှစ်ဦးရဲ့ ဖုန်းခေါ်ဆိုမှုအတွင်း အဲဒီ လေယာဉ် ပျက်ကျမှုအတွက် သမ္မတ ပူတင်က တောင်းပန်ခဲ့တယ်လို့ ဆိုပေမယ့် ရုရှားဘက်က ပစ်ချလို့ ပျက်ကျခဲ့တာ ဖြစ်ကြောင်း ဝန်ခံမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.