သံဖြူဇရပ်၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ် သံဖြူဇရပ်မြို့လယ်မှာ ကျင်းပပြုလုပ်တဲ့ သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို လုံခြုံရေးစိုးရိမ်တာကြောင့် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီး ချုပ် တက်ရောက်ခဲ့ခြင်းမရှိဘူးလို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအရာရှိတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက သံဖြူဇရပ်မြို့လယ်ရှိ ပန်းခြံအရှေ့မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တိုက်ခိုက်ခံရမှာ စိုးရိမ်တာကြောင့် သူ့ကိုယ်စားတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးကိုသာစေလွှတ်ပြီး အဖွင့်အမှာစကား ပြောကြားခိုင်းခဲ့တာပါ။
ဖွင့်ပွဲအခမ်းအနားကို စစ်ကောင်စီခန့် မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်အပါအဝင် ကျန်ရှိတဲ့ စစ်ကောင်စီရဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေလည်း တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေ လုံခြုံရေးစိုးရိမ်တဲ့ မုဒုံ – သံဖြူဇရပ်လမ်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏဆိုသလို စစ်ရေးလှုပ်ရှားတာတွေရှိနေပြီး စစ်ကောင်စီယာဉ်တန်းတွေ ကြားဖြတ်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိနေတာပါ။
သံလွင်တိုင်းမ်က လေ့လာတွေ့ရှိချက်တွေအရ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ အခုဒီဇင်ဘာလအတွင်း လုံခြုံရေးစိတ်ချရတဲ့ မော်လမြိုင်၊ ပေါင်နဲ့ မုဒုံမြို့နယ်တို့မှာ ပြုလုပ်တဲ့ ပွဲတော်အခမ်းအနားတွေကိုသာ တက်ရောက်ခဲ့ပါတယ်။
သံဖြူဇရပ်မြို့ တည်ထောင်ခြင်း နှစ် ၁၅၀ ပြည့်အထိမ်းအမှတ် ပွဲတော်ကိုတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ပွဲတော်ကာလအတွင်း အားက စားပြိုင်ပွဲတွေနဲ့ ဖျော်ဖြေပွဲတွေလည်း ထည့်သွင်းကျင်းပဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ