လောင်းလုံး၊ ဒီဇင်ဘာ ၂၈

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ လေးရက်ဆက်တိုက်ပွဲအတွင်း အရပ်သားပြည်သူ နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့တော်လှန် ရေးတပ်ဖွဲ့ တွေထံကနေ သိရပါတယ်။

ကျောက်နီမော်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပူးပေါင်းတပ်စွဲထားတဲ့ စခန်းသုံးခုကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်အစောပိုင်းကစပြီး ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

ကျောက်နီမော်တိုက်ပွဲဟာ ဒီဇင်ဘာ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သလို စစ်ကောင်စီဘက်က ကြည်ကြောင်း၊ ရေကြောင်း၊ လေကြောင်းတို့နဲ့ အပြင်းအထန် ခုခံနေတာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်က K-8W တိုက်လေယာဉ်နဲ့ ကျောက်နီမော်ကျေးရွာကို နှစ်ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို ပင်လယ်ပြင်ရှိ ရေတပ်စစ် သင်္ဘောကလည်း လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ နှစ်ဖက်တိုက်ပွဲအတွင်း ကျောက်နီမော်ကျေးရွာက နေအိမ်၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ဘာကြောင့် မီးလောင်ပျက်စီးခဲ့တာကိုတော့ မသိရသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါအပြင် ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာလည်း ရေတပ်စစ်သင်္ဘောကနေ ကျောက်နီမော်ကျေး ရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေပြီး ဒီဇင်ဘာ ၂၇ ရက်နေ့မှာတော့ ပစ်ခတ်သံတွေ မကြားရတော့ဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျောက်နီမော်၊ ဇလွတ်၊ ကျောက်ဝပ်ပြင်၊ အောက်ကျောက်ဝပ်နဲ့ ကျောက်မတ်တပ်စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လက်ရှိအချိန်ထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် နေအိမ် ၃၉ လုံး ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.