မော်လမြိုင် ၊ ဒီဇင်ဘာ ၂၈
စစ်အာဏာရှင်စနစ်တော်လှန်သူတွေရဲ့ ထိုးစစ်တွေကြောင့် အင်အားယိုင်နဲ့လာတဲ့ စစ်ကောင်စီက လွန်ခဲ့တဲ့ ၁၄ နှစ်မှာ ပြဌာန်းခဲ့တဲ့ စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တာဟာ လူငယ်တွေကို အဓမ္မ စစ်ထဲသွင်းတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ရှမ်းမြောက်က တပ်စခန်းတွေ ရာချီလက်လွှတ်ခဲ့ပြီး အင်အားပြုန်းတီးမှုတွေ ကြုံတွေ့ခဲ့ရတဲ့ ၁၀၂၇ စစ်ဆင်ရေး တစ်ခန်းရပ်ပြီးနောက် စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေရမယ်လို့ ကြေညာခဲ့ပါတယ်။
လက်ရှိမှာ နည်းဥပဒေ မထုတ်ပြန်နိုင်သေးပေမယ့် အမျိုးသားတွေပါဝင်တဲ့ အခြေခံစစ်သင်တန်းကို ဧပြီကနေ ဒီဇင်ဘာအတွင်း အပတ်စဉ် ၈ အထိ သင်တန်းပေးနေပြီး အပတ်စဉ် ၆ အထိ သင်တန်း ဆင်းပြီးဖြစ်ပါတယ်။
ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ BACS ရဲ့ အချက်အလက်တွေအရ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ ၅ အထိ လူဦးရေ ၂၁၀၀၀ ထက်မနည်း တပ်သားစုဆောင်းခံထားရပြီး အပတ်စဉ် ၃ ခုက သင် တန်းဆင်းဦးရေ ၁၃၀၀၀ ကျော်ကို ရှေ့ တန်းပို့ဆောင်ထားတယ်လို့ သိရပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက အတင်းအဓမ္မ စစ်မှုထမ်းထဲပါဝင်သူတွေဟာ စစ်မြေပြင်မှာတော့ စစ်ကောင်စီအမိန့်ကို နာခံတာဖြစ်လို့ ပြည်သူလို့သတ်မှတ်လို့မရဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ကောင်စီအောက်က အောက်ခြေရဲဘော်တပ်သားတွေဟာ ပြည်သူတွေဖြစ်သလို သူတို့ရဲ့ သ ဘောဆန္ဒမပါဘဲနဲ့ ၈၀ ရာခိုင်နှုန်းလောက်က အတင်းအဓမ္မသွတ်သွင်းခံခဲ့ရတာလို့ ကျွန်တော်တို့ လုံးဝ နားလည်တယ်။ သို့သော် စစ်မြေပြင်တိုက်ပွဲမှာ စစ်ကောင်စီရဲ့ အမိန့်ကိုနာခံပြီး ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်တိုက်တဲ့ကာလမှာ ပြည်သူလို သတ်မှတ်လို့မရတော့ဘူး။ ရန်သူကိုရန်သူလိုပဲ ကျွန် တော်တို့ ချေမှုန်းရမှာဖြစ်တယ်”လို့ ဆိုပါတယ်။
အကြောက်တရားတွေနဲ့ မိသားစုတွေကို ခြိမ်းခြောက်မှုတွေကြောင့် စစ်မှုထမ်းတပ်သားတွေဟာ မြေပြင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီအရာရှိတွေကို တော်လှန်ပစ်ခတ်တာ အမိန့်ဆန့်ကျင်တာ မရှိသေးဘူးပေမယ့် သူကဆက်ပြောပါတယ်။
စစ်မှုထမ်းဥပဒေအရ အမျိုးသားတွေဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမှာဖြစ်သလို အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။ အပတ်စဉ်တစ်ခုမှာ လူ ၅၀၀၀ နှုန်းနဲ့ တစ်နှစ် လူပေါင်း ၆ သောင်း စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ကနဦးထုတ်ပြောထားတာပါ။
BACS ရဲ့ အချက်အလက်တွေအရ တပ်သားသစ်စုဆောင်းဖို့ ၁၈၆ မြို့နယ်မှာ စစ်မှုထမ်းစာရင်းကောက်ယူတာ၊ အကျုံးဝင်သူအဖြစ် စာရင်းသွင်းတာနဲ့ မဲနှိုက်ရွေးချယ်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပြည်သူ့စစ် ပျူစောထီးအဖြစ် စုဆောင်းမှုလုပ်ခဲ့တဲ့ မြို့နယ်ပေါင်း ၄၀ ရှိခဲ့ပြီး စုဆောင်းခံရသူ ၂၁၀၀ ကျော်ထဲမှာ ရိုဟင်ဂျာ ၉၀၀ ကျော်ပါဝင်ကာ ရှေ့တန်းပို့ခံရတဲ့အတွက် တိုက်ပွဲအတွင်း သေဆုံးသူတွေလည်း ရှိခဲ့တာပါ။
ဒီအခြေအနေကြောင့် နောက်ပိုင်းအပတ်စဉ်တွေမှာ တပ်သားစုဆောင်းရခက်ခဲလာတဲ့အတွက် အ တင်းအဓမ္မဖမ်းဆီးတာနဲ့ အကျပ်ကိုင်ခေါ်ဆောင်တဲ့ နည်းလမ်းကနေ ပေါ်တာဆွဲတဲ့အထိ စစ်မှုထမ်းစုဆောင်းနေတာလို့ ပြည်သူတွေက ပြောကြပါတယ်။
စစ်ကောင်စီကတော့ တပ်သားအဖြစ် စုဆောင်းခံရသူတွေကို နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်တွေကို ကိုယ်တိုင်ပါဝင် ထမ်းဆောင်နိုင်ဖို့ မိမိဆန္ဒအလျောက် စာရင်းသွင်းခဲ့ကြသူတွေလို့ ဝါဒဖြန့်ပြောဆိုလေ့ ရှိပါတယ်။
အတင်းအဓမ္မ တပ်သားစုဆောင်းခံရသူတွေကို တော်လှန်ရေးတပ်တွေဆီ ခေါ်ထုတ်ပေးနေတဲ့ ပြည်သူ့ရင်ခွင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက စစ်မှုထမ်းထဲမှာ အသက်မပြည့်သူတွေပါနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်မှုထမ်းကနေ ဆက်သွယ်လာသူတွေကို ကျွန်တော်တို့ တော်လှန်ရေးတပ်တွေဆီ ခိုလှုံနိုင်အောင် ချိတ်ဆက် ခေါ်ထုတ်ပေးနေပါတယ်။ စစ်မှုထမ်းမှာ အသက်မပြည့်သူတွေလဲ ပါနေကြောင်း ကျွန် တော်တို့ ကြေညာချက် ထုတ်ဖူးပါတယ်။ အမှန်တကယ် အသက်မပြည့်သူတွေရှိနေကြောင်းကို မီဒီယာတွေနဲ့ အသက်မပြည့်သေးတဲ့ ကာယကံရှင်တွေကို ထိတွေ့ပေးဖူးပါတယ်” လို့ ဆိုပါတယ်။
ပြည်သူ့ရင်ခွင်အဖွဲ့ကနေ ကယ်ထုတ်ပေးခဲ့တဲ့ အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းတွေရဲ့ အ ရေအတွက်ကိုတော့ လုံခြုံရေးအရ ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။
တိုက်ပွဲတွေမှာ အရေးနိမ့်မှုတွေ ဆိုးရွားစွာရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ အင်အားပြုန်းတီးမှုတွေကို ပြန်လည်ဖြည့်တင်းဖို့ လူငယ်တွေကို စစ်မှုထမ်းခိုင်းဖို့ ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းလာနေတာပါ။
တစ်ဘက်မှာ ကာကွယ်ရေးဝန်ကြီးလည်းဖြစ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း တာဝန်ယူချိန်ကနေ ဒီဇင်ဘာ ၁၇ ရက်နေ့အထိ တိုင်းစစ်ဌာနချုပ်နှစ်ခု ကျဆုံးခဲ့ရပါတယ်။
အဲဒီအတွက်ကြောင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ကာကွယ်ရေးဝန်ကြီးအဖြစ် စစ်ကောင်စီက ပြောင်းရွေ့ခန့်အပ်လိုက်တဲ့အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ဥက္ကဌလည်း ဖြစ်လာပါတယ်။
လေတပ်ရန်ကာကွယ်ရေးတပ်ကနေ တပ်ကြပ်ကြီးရာထူးနဲ့ CDM ပြုလုပ်ထားတဲ့ ကိုဇေယျက ရခိုင်ဘက်မှာ အင်အားပြုန်းတီးမှုတွေရှိတဲ့အတွက် ပြန်လည်ဖြည့်တင်းဖို့ အခုထက် ဆိုးရွားလာနိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“အခုနောက်ပိုင်း ပေးတာကိုမယူဘဲ သူတို့ဟာသူတို့ အတင်းဆွဲမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်လာတယ်။ နောက်တစ်ခုက ပြန်ပေးဆွဲပြီး တရားဝင်ငွေညှစ်တဲ့ ပုံစံလည်း လုပ်တာပါတယ်။ ရှေ့လျှောက် သူတို့လိုအပ်ချက်က အမြဲလိုအပ်နေတာ။ အရှေ့မှာ သင်တန်းဆင်းတဲ့သူတော်တော်များများက ရခိုင်ဘက်တွေမှာ ပြုတ်ပြုတ်ပြုန်းသွားတဲ့ အနေအထားရှိတယ်။ ဒါကို ပြန်ဖြည့်တင်းဖို့ အများအပြားထပ်ပြီး ဆွဲနိုင်တယ်၊ ပိုပြီးတော့ ဒီထက်ကို ဆိုးဆိုးရွား ရွား (ပေါ်တာ) ဆွဲလာနိုင်တယ်လို့ ယူဆပါတယ်”လို့ ဆိုပါတယ်။
နယ်စပ်အရင်းအမြစ်တွေနဲ့ အလုပ်သမားအရေးအကူအညီပေးနေသူတွေရဲ့ အဆိုအရ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေဟာ အင်အားအလုံးအရင်းနဲ့ ပြည်ပနိုင်ငံတွေကို လမ်းကြောင်းအမျိုးမျိုးနဲ့ ထွက်ခွာမှု ဆက်တိုက်မြင့်တက်လာတယ်လို့ ပြောထားပါတယ်။
ဒီအတွက်ကြောင့် ပြည်တွင်းမှာ လုပ်သားရှားပါးမှုတွေကြုံလာပြီး တချို့လုပ်ငန်းတွေမှာ ပုံမှန်လည် ပတ်ဖို့ အခက်အခဲရှိလာသလို တချို့ လုပ်ငန်းတွေမှာတော့ လျှော့ချရတာနဲ့ ရပ်နားရတာတွေအထိ ရှိလာတယ်လို့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI