ကျိုက်ထို၊ ဒီဇင်ဘာ ၂၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝါးဒက်ကွင်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၂၀၇ ခြေ မြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ပြန်လည်ပစ်ခတ်ရာကနေ ဝါးဒက်ကွင်းကျေးရွာ ကွက်သစ်ပိုင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဝါးဒက်ကွင်းကျေးရွာနေ အသက် ၂၂ မအေးသန္တာဟာ ခြေထောက်နဲ့ ခန္ဓာကိုယ်တွေမှာ ကျည်စဖောက်ဝင် ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ လက်ရှိမှာတော့ သိမ်ဇရပ်မြို့ဆေးရုံရဲ့ အရေးပေါ်အဆောင်မှာ တက်ရောက်ကုသနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီရဲ့ မုပ္ပလင်စစ် ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် တဂေးချောင်းဖျားကျေးရွာနေ ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ