ရေး ၊ ဒီဇင်ဘာ ၂၅

လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ မွန်ပြည်နယ်တောင်ပိုင်းက အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်ဖို့ စစ်ကောင်စီ ကြိုးပမ်းလာတယ်လို့ ဒေ သခံတွေနဲ့ တော်လှန် ရေးအဖွဲ့တွေက ပြောပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက လာမယ့်နွေမှာ သံဖြူဇရပ်-ရေး ကားလမ်းပိုင်းကို စစ်ကောင်စီ လုံးဝထိန်းချုပ်နိုင်ရေး စီစဉ်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်ကောင်စီဘက်က ရေးတောင်ဘက်မှာ လှုပ်ရှားတာတွေ သိပ်မကြားမိပေမယ့် မြောက်ပိုင်း မော့ကနင်ပတ်ဝန်းကျင်မှာတော့ လှုပ်ရှားလာတာတွေ ရှိတယ်။ ကွမ်ကျိုက်လိုပဲ အမှတ် ၈ လမ်းမကြီးထိန်းချုပ်နိုင်‌ရေးအစီအစဉ်နဲ့ အခြားသောစခန်းတွေလည်း ထပ်မံတည်ဆောက်လာဖို့ အစီအစဉ်တွေ ရှိတယ်ဆိုတာကြားရတယ်” လို့ ဆိုပါတယ်။

လတ်တလော သံဖြူဇရပ် – ရေး လမ်းပိုင်းအတွင်း ဗျူဟာအရ အရေးကြီးတဲ့နေရာတွေမှာ အင် အားတိုးချဲ့ပြီး ဝင်ရောက်တပ်စွဲထားသလို လုံခြုံရေးအရ ခရီးသွားတွေကို စစ်ဆင်းရေးတင်းကြပ်တာတွေ လုပ်ဆောင်နေတာပါ။

ရေးဒေသခံတစ်ဦးက “ကွမ်ကျိုက်နားမှာဆို သူတို့ လုံခြုံရေးချထားတာ ရှိတယ်။ကားတွေဘာတွေ လာရင်တော့ မေးမြန်းတယ်။ဘယ်ကလာ ဘယ်ကိုသွားပေါ့။ဆိုင်ကယ်သမားဆိုလို့ရှိရင်လည်း ဆိုင်ကယ်ဘောက်ကို ပေးဖွင့် ခိုင်းတယ်” လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့က ရေးမြို့နယ်မြောက်ပိုင်း ကွမ်ကျိုက်တံတားအနီး တပ်စွဲထားတဲ့ စစ်ကောင် စီတပ်စခန်းကို လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားပြီးနောက် တံတားအနီးဝန်းကျင်မှာ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ လောက် လုံခြုံရေးအတွက် ထပ်မံတပ်စွဲထားတာ ဖြစ်ပါတယ်။

ရေးမြို့ အတွင်းမှာလည်း လမ်းဆုံလမ်းခွတွေနဲ့ မြို့အဝင်အထွက်တွေမှာ လုံခြုံရေးတင်းကျပ်ထားပြီး မော်တော်ဆိုင်ကယ်နဲ့ လိုင်စင်မဲ့ မော်တော်ယာဉ်တွေကို အဓိကထား စစ်ဆေးနေတယ်လို့ မြို့ခံတစ်ဦးက ပြောပြပါတယ်။

တစ်ဘက်မှာ ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီ တပ်ရင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းတွေနဲ့ အင်အားထပ်မံဖြည့်တင်းလာပြီး အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ခေါဇာအခြေစိုက် ခလရ ၃၁ မှာတော့ အင်အား ၇၀/၈၀ အထိ တိုးချဲ့ထားတယ်လို့ တော်လှန်ရေးအဖွဲ့တွေဆီက သိရပါတယ်။

ဒီလိုမျိုး စစ်ကောင်စီဘက်က အင်အားတိုးချဲ့လာတဲ့အပေါ် ရေး – သံဖြူဇရပ်လမ်းပိုင်းမှာ တိုက်ပွဲတွေ ရံဖန်ရံခါ ဖြစ်လာနိုင်ဖို့ အလားအလာရှိတယ်လို့ နိုင်နဂါးက ပြောပါတယ်။

“ကွမ်ကျိုက်လို စခန်းမျိုးတို့ ရန်သူရဲ့စစ်ကြောင်းတွေကို အချိန်မရွေး နေရာမရွေး ဆက်လက်ပြီးတော့ တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်တယ်။သူတို့ရဲ့ စခန်းတွေ လုံးဝတည်ဆောက်လို့မရနိုင်အောင် ပြီးတော့ အမှတ် ၈ လမ်းမကြီးကိုလည်း လုံးဝထိန်းချုပ်လို့မရနိုင်အောင် ကျွန်တော်တို့ ဆက်လက်ပြီးတော့ တိုက်ခိုက်ဖို့ရှိတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်တောင်ပိုင်းမှာတော့ မွန်ပြည်သစ်ပါတီ NMSP AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF ရဲ့ ဒေါနစစ်ကြောင်းအပါအဝင် အခြားပူးပေါင်းတပ်ဖွဲ့တွေ လှုပ်ရှားနေတာပါ။

သံဖြူဇရပ် – ရေး အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကိုတော့ ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ပြီး နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီက လမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ဖို့ အင်အားတိုးချဲ့ကာ စစ်ရေးလှုပ် ရှားမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအတွက်ကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ပြည်ထောင်စုလမ်းမကြီးကို ဆုတ်ခွာပေးလိုက်ရတဲ့အပေါ် စစ်‌ကောင်စီက အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ထပ်မံကြိုးပမ်းလာတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.