ကိဗ်၊ ဒီဇင်ဘာ ၂၅
ကာ့စ် အိုဘလက်စ် ဒေသမှာ ရုရှားတပ်တွေနဲ့ အတူ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သား ၃၀၀၀ ကျော်ဟာ သေဆုံးတာ ဒါမှမဟုတ်ဒဏ်ရာရရှိတာတွေ ရှိခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဒီဇင်ဘာ ၂၃ ရက်မှာ ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားက ရုရှားဆီ နောက်ထပ် လက်နက်တွေ၊ စစ်သားတွေ စေလွှတ်ဖို့ စီစဉ်နေတယ်လို့ တောင်ကိုရီးယားက စောစောပိုင်းက သတိပေးထားပါတယ်။
ရုရှားနိုင်ငံရဲ့ ကာ့စ် ဒေသမှာ ရုရှားတပ်တွေနဲ့ အတူ တိုက်ခိုက်နေတဲ့ မြောက်ကိုရီးယား စစ်သားတွေ သေဆုံးမှုနဲ့ ထိခိုက် ဒဏ်ရာရမှု အရေအတွက်ဟာ ၃၀၀၀ ကျော်သွားပါပြီလို့ သမ္မတ ဇီလန်စကီးက ပြောဆိုထားပါတယ်။
အခုလို ရုရှားနဲ့ မြောက်ကိုရီးယားကြား ပူးပေါင်းဆောင်ရွက်မှု ပိုများလာတာကြောင့် ကိုရီးယားကျွန်းဆွယ်နဲ့ အနီးအနားရှိ ဒေသတွေကို မတည်မငြိမ် ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သမ္မတက သတိပေးထား ပါတယ်။
ရုရှားဆီ မြောက်ကိုရီးယားက စစ်သားတွေနဲ့ လက်နက်တွေ ပေးပို့မှုကြောင့် အန္တရာယ်တွေ ရှိနေပြီး မိမိတို့ အနေနဲ့ သင့်တော်သလို တုံ့ပြန်သွားမယ်လို့လည်း ဇီလန်စကီးက ဖြည့်စွက် ပြောဆိုထားပါတယ်။
မြောက်ကိုရီးယားက ရုရှားသို့ နောက်ထပ် အကူအညီ ပေးပို့မယ့် အစီအစဉ်မှာ စစ်လက်နက်တွေနဲ့ စစ်သားတွေ အပြင် ခါမီခါဇီ (အသေခံ) ဒရုန်းတွေလည်း ပါဝင်မယ်လို့ တောင်ကိုရီးယား စစ်ဦးစီးချုပ်ကို ကိုးကားပြီး Yonhap သတင်း ဌာနက ဖော်ပြပါတယ်။
မြောက်ကိုရီးယားက ရုရှားဆီ လက်နက်ကြီးတွေ ပေးပို့ထားပြီး ရုရှားမှာရှိတဲ့ သူတို့ရဲ့ စစ်သားတွေကို အလဲအလှယ် လုပ်ဖို့နဲ့ အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေကြောင်း ထောက်လှမ်းရေး သတင်းတွေက ဖော်ပြနေတယ်လို့ တောင်ကိုရီးယားက ဆိုပါတယ်။
ရုရှားမှာ မြောက်ကိုရီးယား စစ်သား ၁၂၀၀၀ လောက် ရောက်ရှိနေတယ်လို့ ယူကရိန်း၊ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ပြောဆိုထား ပါတယ်။
ရုရှားက မြောက်ကိုရီးယား စစ်သားတွေကို ရုရှား အမည်တွေ၊ မွေးဖွားရာနေရာတွေ ပါဝင်တဲ့ သက်သေခံကတ် အတုတွေ ထုတ်ပေးထားတယ်လို့ ယူကရိန်းက ပြောကြားခဲ့ပါတယ်။
ယူကရိန်း အထူး စစ်ဆင်ရေးတပ်ဖွဲ့ရဲ့ အွန်လိုင်း ပို့စ်တစ်ခုမှာတော့ ကာ့စ်ဒေသမှာ အသေမိတယ်ဆိုတဲ့ မြောက်ကိုရီးယား စစ်သား ၃ ဦးဆီက သိမ်းဆည်းရမိထားတဲ့ ရုရှား သက်သေခံကတ် အတုတွေကို ဖော်ပြ ထားပါတယ်။
Ref:Euro News