ရေး၊ ဒီဇင်ဘာ ၂၅

မွန်ပြည်နယ် ရေးမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံ အမျိုးသမီးနှစ်ဦး ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတယ်လို့ မြို့ခံတွေက သံ လွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ရေးမြို့ အောင်မေတ္တာရပ်ကွက်ရှိ ကုန်စုံဆိုင်တစ်ခုမှာ ဈေးရောင်းနေတဲ့ မငယ်ငယ်အပါဝင် ဒေသခံအမျိုးသမီးနှစ်ဦးကို PDF ထောက်ပို့စွပ်စွဲ ချက်နဲ့ ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် သူတို့နှစ်ဦးကို သုံးလကျော်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် ဒီဇင်ဘာ ၂၂ ရက်နေ့က ရေးခရိုင်တရားရုံးကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ နှစ်ခုနဲ့ ထောင်ဒဏ် ၁၅ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံလိုက်ရတဲ့ ရေးဒေသခံ အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီက ကျိုက်မရောဗဟိုအ ကျဉ်းထောင်ထံ ပို့ဆောင်လိုက်ပြီလို့ မြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ရေးမြို့ အောင်မေတ္တာရပ်ကွက်နေ ဒေသခံအ မျိုးသမီးတွေဖြစ်တဲ့ မနန်းရီနဲ့ မမိုးခိုင်တို့ကိုလည်း စစ်ကောင်စီက PDF ထောက်ပို့စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် ထောင်ဒဏ် ၁၅ နှစ်စီ အမိန့်ချမှတ်ခဲ့ပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း ဒေသခံပြည်သူတွေ မကြာခဏဆိုသလို ဖမ်းဆီးခံရပြီး အဲဒီထဲမှာ တော်လှန်ရေးတပ်ဖွဲ့နဲ့ ပတ်သက်သူတွေကို စစ်ကောင်စီက ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အစီရင်ခံစာအရ အာဏာသိမ်း လေးနှစ်နီးပါးကာလအတွင်း ဖမ်းဆီးခံရသူ ၂၇,၉၀၀ ကျော်အထိ ရှိလာပြီး အဲဒီထဲက ၁၀,၀၀၀ နီးပါး ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.