မူဆယ်၊ ဒီဇင်ဘာ ၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်မှာ တရုတ်နိုင်ငံကို အလုပ်သွားလုပ်ဖို့ ခေါ်ယူထားတဲ့ မြန်မာအလုပ်သား ၅၀၀ ကျော် ပိတ်လှောင်ခံထားရတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ ပြည်သူတွေကို ပွဲစားတွေကတစ်ဆင့် တရုတ်နိုင်ငံမှာ အလုပ်ကောင်း လစာကောင်းရရှိမယ်ဆိုပြီး မက်လုံးပေး အယုံသွင်းကာ အလုပ်သမား ၅၀၀ ကျော်ကို ခေါ်ယူထားတာပါ။
ပွဲစားတွေ ခေါ်ဆောင်လာတဲ့ လူပေါင်း ၅၀၀ ကျော်ထဲမှာ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးတွေ အများဆုံးပါဝင်ပြီး မူဆယ်မြို့က သိန်းသန်းချီ ကားကြီးကွင်းဂိုဒေါင်နဲ့ ရပ်ကွက်တချို့မှာရှိတဲ့ ဂိုဒေါင်တွေမှာ ပိတ်လှောင်ခံထားရတာဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
အဲဒီအလုပ်သမား ၅၀၀ ကျော်ဟာ သုံးလကျော်ကြာခဲ့ပြီဖြစ်ပေမယ့် ဒီနေ့အချိန်ထိ အလုပ်မရရှိသေးဘဲ လက်ရှိမှာ အလုပ်ပွဲစားက ဂိုဒေါင်အတွင်း ပိတ်လှောင်ထားပြီး အစားပုံမှန်မကျွေးတာနဲ့ နေရပ်ပြန်လိုသူတွေကို လျော်ကြေး ကျပ်သိန်း ၆၀ တောင်းနေတယ်လို့ ဖော်ပြထားပါတယ်။
ပိတ်လှောင်ခံထားရသူတွေထဲကနေ ထွက်ပြေးလွတ်မြောက်လာသူတချို့ ရှိသလို ကျန်ရှိနေတဲ့သူတွေလည်း လွတ်မြောက်ဖို့အတွက် အကူအညီမရ ဖြစ်နေတယ်လို့ ဆိုပါတယ်။
အခုလို ပွဲစားတွေရဲ့ လိမ်လည်မှုတွေ ထပ်မကြုံရအောင် လူငယ်လူလတ်တွေအနေဖြင့် အထူးသတိပြုရန်လိုအပ်ပြီး တရုတ်နိုင်ငံကို အလုပ်သွားရောက်လုပ်ကိုင်လိုပါက ယုံကြည်စိတ်ချရတဲ့ ဆွေမျိုး မိတ်ဆွေ ရှိမှသာ သွားသင့်တယ်လို့ TNLA က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA