တနင်္သာရီ၊ ဒီဇင်ဘာလ ၂၅
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်က တနင်္သာရီ-မောတောင်လမ်းပိုင်းမှာ တိုက်ပွဲတွေကြောင့် တစ်ပတ်ကျော်လာတဲ့အထိ လမ်းပိတ်နေလို့ သွားလာဖို့ အခက်တွေ့နေရတဲ့ အကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကစတင်ပြီး စစ်ကောင်စီအင်အား ၃၀၀ ခန့် စစ်ကြောင်းထိုးလာတာကြောင့် ရေဖြူ၊ သိန်းခွန်၊ ချောင်းနှစ်ပေါက်ရွာအနီးတွေမှာ တိုက်ပွဲတွေ ရက်ဆက်ဖြစ်နေလို့ နှစ်ဖက်စလုံးက လမ်းဖြတ်သန်းသွားလာခွင့် ပိတ်ထားတာလို့ ဆိုပါတယ်။
အခုလို လမ်းပိတ်လိုက်လို့ တစ်နိုင်တစ်ပိုင် ကုန်တင်နေကြတဲ့ ခရီးသွားတွေမှာ အခက်အခဲဖြစ်နေကြပြီး အလုပ်မလုပ်ရတာ ၈ ရက်လောက်အထိ ရှိနေပြီလို့ သိန်းခွန်ရွာခံတစ်ဦးက ဆိုပါတယ်။
လမ်းပိတ်ထားတာကြောင့် ကုန်တင်ယာဉ်တွေလည်းဖြတ်သန်းသွားလာလို့မရသလို ဒေသခံတွေလည်း လူမှုရေး၊ စီးပွားရေးလုပ်ငန်းတွေအတွက် သွားလာလို့မရကြဘူး ဖြစ်နေကြပါတယ်။
တနင်္သာရီ-မောတောင်လမ်းပိုင်းဟာ ထိုင်းနိုင်ငံက တင်သွင်းတဲ့ကုန်စည်တွေနဲ့ ဒေသထွက်ကုန်တွေကို တင်ပို့ရောင်းချတဲ့ အဓိကလမ်းကြောင်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။
နှစ်ဖက်တပ်တွေက ပြန်မဆုတ်သေးတာကြောင့် အဲဒီ လမ်းပိုင်းပေါ်မှာစစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်းဆက်ဖြစ်နေသေးတယ်လို့ မြိတ်ခရိုင်ပကဖ တာဝန်ခံကပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဘက်က ၃၀ ကျော်ထိခိုက်ထားပြီး တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ၄ ဦးထိခိုက်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ကာလအတွင်း ဒီဇင်ဘာလ ၁၈ ရက်နဲ့ ၂၀ ရက်နေ့တွေမှာ စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်တွေဘက်ကလည်း ပြန်မဆုတ်ဘဲ တိုက်ပွဲဖြစ်တဲ့ဧရိယာထဲမှာ ဆက်ရှိနေသေးတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲဆက်ဖြစ်နိုင်မယ့်အခြေအနေမှာ ရှိနေပါတယ်။
တိုက်ပွဲကြောင့် ရေဖြူ၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင်ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ