ကျောက်ကြီး၊ ဒီဇင်ဘာ ၂၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ကြိတ်ကွင်းကျေးရွာထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ရွာသား ၈ ဦးကို ဖမ်းဆီးထားပြီး ဒေသခံ တစ်ထောင်ကျော်လည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကစပြီး ကြိတ်ကွင်းကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ဒေသခံတွေဖြစ်တဲ့ ဦးစိုးမြ၊ ဦးမောင်မြတင်၊ နော်ထက်ဆာဖိုး၊ နော်မမဲ၊ စောခလယ်ထူးနဲ့ ဦးသိန်းစိုးတို့ကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဒီဇင်ဘာ ၂၀ ရက်နေ့မှာလည်း ကြိတ်ကွင်းကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီစစ် ကြောင်းဟာ ဒေသခံတွေဖြစ်တဲ့ ဖီးကော်လယ်နဲ့ စောလဲပွဲမူးတို့ကို ထပ်မံဖမ်းဆီးပြီးနောက် စစ် ကြောင်းပြန်လည်ဆုတ်သွားခဲ့တယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကြိတ်ကွင်းကျေးရွာ၊လေးအိမ်စုကျေး ရွာ၊ နွားရေချောင်းကျေးရွာတို့က အိမ်ထောင်စု ၂၉၅ စု၊ လူဦးရေ ၁၃၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေထံ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးခဲ့တဲ့ ကြိတ်ကွင်းကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်အုပ်ချုပ်နယ်မြေက ကျေးရွာတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ် ရှမ်းရွာခြေတော် ရာမှ အလုပ် လုပ်ပြီးလို့ ပြန်လာတဲ့ ဒေသခံ မောင်တင်တင်မောင်ကို စစ်ကောင်စီရဲ့ ခလရ-၅၇ ပူပေါင်းတပ်ရင်းက သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် နားထင်ထိမှန် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.