အမ်း ၊ ဒီဇင်ဘာ ၂၄
မြန်မာပြည်သူတရပ်လုံး လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် အာရက္ခတပ်တော် AA နဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလာပါတယ်။
ရခိုင်ပြည်နယ်ရှိ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က အပြီးသတ်သိမ်း ပိုက်နိုင်ခြင်း အောင်ပွဲအတွက် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ NUG က ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားထားတာပါ။
အာရက္ခတပ်တော် ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့အတူ ရခိုင်ပြည်နယ်တစ်ခုလုံး စစ်အာဏာရှင်လက်အောက်ကနေ မကြာမီလွတ်မြောက်မှာကို အပြည့်အ၀ယုံကြည်တယ်လို့ ဒူဝါလရှီးလက ဆိုပါတယ်။
မြန်မာတပြည်လုံးနဲ့ စစ်အုပ်စု အဆုံးသတ်ပြုတ်ကျရေး အတူတကွ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ သန္နိဋ္ဌာန်ပြုကြောင်း သဝဏ်လွှာမှာ ထည့်သွင်းဖော်ပြထားတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် AA လက် ခံနိုင်ဖို့ NUG အနေနဲ့ အပြောင်းအလဲတွေ လုပ်ရလိမ့်ဦးမယ်လို့ သုံးသပ်ပါတယ်။
“AA က လက်ခံနိုင်ဖို့ NUG အနေနဲ့ အပြောင်းအလဲတွေ လုပ်ရလိမ့်ဦးမယ်လို့ ထင်ပါတယ်။ တ ကယ်လို့ NUG ရဲ့ ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ ဆက်လက်ပြီး တိုက်ပွဲဝင်ကြမယ်ဆိုရင်တော့ နွေဦးတော်လှန်ရေးက အချိန်အတိုအတွင်းမှာ အဓိကအောင်ပွဲခံမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီကမ်းလှမ်းချက်ကို AA က လက်ခံနိုင်မလား။ နောက်တစ်ခုက AA လက်ခံနိုင်လောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမှာလားဆိုတာ စောင့်ကြည့်ရဦးမယ်လို့ ထင်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်ကအနေနဲ့ NUG ရဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် AA နဲ့အတူ တိုက်ပွဲဝင်သွားမယ့် သဝဏ်လွှာအပေါ် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခထံ သဘောထားမေးမြန်းခဲ့ပေမယ့် အကြောင်းပြန်ခြင်း မရှိပါဘူး။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို AA က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုပါ အ ရှင်ဖမ်းဆီးရမိခဲ့ပါတယ်။
ဒါဟာ ရခိုင်ပြည်သူတွေရဲ့ အောင်ပွဲသာမက စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ပြည်သူတစ်ရပ်လုံးနဲ့ နိုင်ငံတဝန်းရှိ တော်လှန်ရေးအင်အားစုတွေရဲ့ အောင်ပွဲလို့ NUG ယာယီသမ္မတက ဆိုပါတယ်။
NUG အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်းထဲက ၇ မြို့ ထက်မနည်း ထိန်းချုပ်ထားတယ်လို့ BNI Myanmar Peace Monitor ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
ဒါပေမယ့် စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတို့မှာရှိတဲ့ တိုင်းစစ်ဌာနချုပ်တွေကို တိုက်ခိုက်နိုင်ခြင်းမရှိသေးတဲ့အတွက် ပြည်မအထိ ထိုးစစ်ဆင်နိုင်ဖို့ လိုဦးမယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။
CDM ပြုလုပ်ထားတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေလိုမျိုး ပြည်မဒေသတွေမှာ စုစည်းကွပ်ကဲချိတ်ဆက်နိုင်မှု သိပ်မရှိသေးဘူးလို့ သုံးသပ်ပါတယ်။
“မြန်မာပြည်မကြီးအတွင်းထဲမှာဖြစ်တဲ့ ဒေသတွေမှာကြတော့ အဲဒီလိုမျိုးအထိ (EROs တွေလိုမျိုး) ကွပ်ကဲနိုင်တဲ့အပိုင်းတွေ သိပ်မရှိသေးဘူး။ ကိုယ့်ဟာကိုယ် ကိုယ့်တပ်ဖွဲ့ ဒေသတွင်းရှိမယ်။ တပ် ရင်းတွေရှိမယ်။ ဒီလိုမျိုးစုစည်းပြီး တိုက်ဖို့အနေအထားမျိုးမှာ တိုင်းရင်းသား EROs တွေလောက် စုစည်းကွပ်ကဲနိုင်မှု ချိတ်ဆက်နိုင်မှု လူသူလက်နက်ခဲယမ်းရိက္ခာ တပ်နည်းဗျူဟာတွေ စုဆောင်းနိုင်မှုအပိုင်းမှာတော့ လိုအပ်ချက်တွေ အများကြီးရှိဦးမယ်” လို့ ဆိုပါတယ်။
တစ်ဘက်မှာ AA က ဧရာဝတီတိုင်းအစပ် ရခိုင်ပြည်နယ်က ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ဖို့ အရှိန် အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင်နေချိန်မှာ NUG ကလည်း ဧရာဝတီတိုင်းစစ်ဌာနကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ဖွဲ့ စည်းခဲ့ပါတယ်။
ဧရာဝတီမြေသို့ ထိုးဖောက်ဝင်ရောက်ဖို့ စစ်ကြောင်း၊တပ်ရင်း၊ဗျူဟာတွေအဆင့်ဆင့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး အောင်ပွဲတွေ ရယူနိုင်ဖို့ မဟာမိတ် EROs တွေနဲ့ လက်တွဲပူးပေါင်းကာ တိုက်ပွဲဝင်နေတယ်လို့ အသိပေးထုတ် ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG