လောင်းလုံး၊ ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ တိုက်ပွဲကြောင့် ကျေးရွာသုံးရွာက ဒေ သခံပြည်သူ တစ်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစပြီး ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ တစ်နေ့လုံးနီးပါး ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေလည်း အပြေးအလွှား နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ကျောက်နီမော်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်ကျေးရွာတို့က ဒေသခံပြည်သူ တစ်ထောင်နီးပါးဟာ ရရာစက်လှေ၊ ဆိုင်ကယ်၊ကားတွေနဲ့ ဘေးလွတ်ရာကျေးရွာတွေထံ ထွက် ပြေးတိမ်းရှောင်နေတယ်လို့ စစ်ရှောင်ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်နီမော်တိုက်ပွဲနဲ့ ပတ်သက်ပြီး လောင်းလုံးမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ အကြောင်းမပြန်သေးပါဘူး။

စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျောက်နီမော်ကျေးရွာရှိ စစ်တပ်စခန်းတွေ အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခံနေရတာကြောင့် စစ်ကူပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီအထိုင်ချ တပ်စွဲထားတဲ့ တပ်စခန်းသုံးခုရှိပြီး အင်အား ၈၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.