ရေဖြူ၊ ဒီဇင်ဘာ ၂၄
တနင်္သာရီတိုင်း ရေဖြူမြို့နယ် ဇာဒီကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးထားတဲ့ ဒေသခံတွေအနက် သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ကစပြီး ဇာဒီကျေးရွာထဲ စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် လမ်းမှာတွေ့သမျှ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီတပ် ဖမ်းဆီးထားတဲ့ ဒေသခံတွေအနက် အသက် ၄၀ ကျော်အရွယ် ဦးအောင်ကြည်သိန်းရဲ့ ရုပ်အလောင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာ ကျေးရွာရဲ့ သုသာန်အနီးမှာလည်း ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ဦးအောင်ကြည်သိန်းရဲ့ ရုပ်အလောင်း ပြန်လည်တွေ့ရှိစဉ် ခန္ဓာကိုယ်အနှံ့ ရိုက်နက်နှိပ်စက်ထားတဲ့ ဒဏ်ရာ၊ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိထားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ စစ်ကောင်စီစစ်ကြောင်း ဖမ်းဆီးထားတဲ့သူတွေထဲမှာ ကလေးငယ်တွေအပါအဝင် အမျိုးသား၊ အမျိူးသမီး ၁၅ ဦးထက်မနည်း ရှိနေပြီး လက်ရှိအချိန်အထိ ဘယ်သူမှပြန်မလွှတ်လာသေးဘူးလို့ သိရပါတယ်။
ဇာဒီကျေးရွာထဲ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တို့မှာလည်း ကျေးရွာအတွင်းရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျုးလွန်ခဲ့ပြီး ဒေသခံတွေရဲ့ ခန့်မှန်းချက်အရ အနည်းဆုံးနေအိမ် ၁၅ ထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တာဝါတိုင်စခန်းကုန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိနိုင်မယ်ထင်တဲ့ ကျေးရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့အတွက် ရေဖြူမြို့နယ်ရှိ ခွေးမဖော၊ ပယ၊ ဇာဒီ၊ ခေါင်ပြန်၊ ဖားချောင်းကျေးရွာတို့က ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအ ချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media
ပုံစာ- စစ်ကောင်စီစစ်ကြောင်းထိုး ယာဉ်တန်းအားတွေ့ရစဉ်