မော်စကို၊ ဒီဇင်ဘာ ၂၃

ရုရှားနိုင်ငံ အလယ်ပိုင်းရှိ ခါဇန်မြို့ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုအတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်းကို ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထပ်မံ ကြုံတွေ့ရအောင် လုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ဒီဇင်ဘာ ၂၂ ရက်မှာ ကြွေးကြော်လိုက်ပါတယ်။

ရှေ့တန်း စစ်မျက်နှာတွေနဲ့ မိုင် ၆၂၀ အကွာရှိ ခါဇန်မြို့ မှာရှိတဲ့ အဆင့်မြင့် တိုက်တန်း တစ်ခုကို ယူကရိန်းက ဒရုန်းတွေနဲ့ ကြီးကြီးမားမား တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။

ရုရှား လူမှုမီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေမှာ အထပ်မြင့် မှန် အဆောက်အဦ တစ်ခုကို ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် မီးလုံးကြီးတွေ ထွက်ပေါ်လာတာကို မြင်တွေ့ရပေမယ့် အဲဒီတိုက်ခိုက်မှုကြောင့် ထိခိုက် သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

ဘယ်သူက ဘယ်လောက်ပမာဏပဲဖြစ်ဖြစ် ဖျက်ဆီးဖို့ ကြိုးစားရင် သူတို့အနေနဲ့ အဆပေါင်း များစွာ ပျက်စီးမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး သူတို့ရဲ့ လုပ်ရပ်အတွက် နောင်တရကြရမှာဖြစ်ကြောင်း သမ္မတ ပူတင်က ဒီဇင်ဘာ ၂၂ ရက်မှာပြုလုပ်တဲ့ အစိုးရ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

အဲဒီ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ယူကရိန်းက မှတ်ချက် ပြုထားတာ မရှိသေးပါဘူး။

ရုရှားပိုင်နက်ကို ယူကရိန်းက တိုက်ခိုက်မှုအတွက် ယူကရိန်းမြို့တော် ကိဗ်ကို အသံထက်ပိုမြန်တဲ့ ဒုံးကျည်တွေ သုံးပြီး တိုက်ခိုက်မယ်လို့ ပူတင်က အရင်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

ရုရှား လေတပ် အခြေစိုက်စခန်းတွေနဲ့ လက်နက် ထုတ်လုပ်ရေး စက်ရုံတွေကို ယူကရိန်းက အနောက်တိုင်း လက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ ယူကရိန်း စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ နောက်ထပ် ထိုးစစ်ဆင်ထားနိုင်ကြောင်း ရုရှားက ပြောဆိုထားပြီးနောက် အခုလိုမျိုး ခြိမ်းခြောက်မှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန်မှာ အိမ်ဖြူတော်သို့ ဒေါ်နယ်ထရန့် ရောက်မလာခင် ရုရှားက ယူကရိန်း နယ်မြေတွေကို တတ်နိုင်သမျှ အများဆုံး သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေပုံ ရပါတယ်။

မကြာမီ အမေရိကန်သမ္မတဖြစ်လာတော့မယ့် ထရန့်က ၃ နှစ် နီးပါး ကြာနေပြီ ဖြစ်တဲ့ ယူကရိန်း စစ်ပွဲကို သူ့ရဲ့ သမ္မတ သက်တမ်း ပထမဆုံးရက်မှာပဲ အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောဆိုထားပေမယ့် ခိုင်မာတဲ့ အစီအစဉ် တစ်ခုမှ ချပြထားတာ မရှိသေးပါဘူး။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.