နေပြည်တော် ၊ ဒီဇင်ဘာ ၂၃

အခုနှစ်အတွင်း တိုင်းစစ်ဌာနချုပ်နှစ်ခုအပါအဝင် စိုးမိုးနယ်မြေများစွာ လက်လွှတ်ဆုံးရှုံးပြီးနောက်ပိုင်း နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်ပြောလာပါတယ်။

နိုင်ငံရေးအရ တောင်းဆိုလိုမှုကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်နဲ့ တောင်းဆိုလို့ ရနိုင်မှာ မဟုတ်ဘူးလို့ ဒီဇင်ဘာ ၂၂ ရက်နေ့က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ ကျေးဇူးတော်ချီးမွမ်းပွဲမှာ ပြောသွားခဲ့တာပါ။

လက်နက်ကိုင်အကြမ်းဖက်မှုလမ်းစဉ်ကို ဘယ်လူ့အဖွဲ့အစည်းကမှလက်မခံသလို မိမိတို့အားလုံးကလည်း ဆန့်ကျင်ကြဖို့ လိုကြောင်း လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာရယူထားတဲ့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

အတူယှဉ်တွဲနေထိုင်ကြတဲ့လူ့အဖွဲ့အစည်းတစ်ခုအတွင်း ကြုံတွေ့လာတဲ့ပြဿနာတွေကို ဒီမိုကရေစီနည်းလမ်းဖြစ်တဲ့တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းနည်းလမ်းကသာ အောင်မြင်စေနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

စစ်‌ကောင်စီအနေနဲ့ အခုနှစ်အတွင်း ရှမ်းမြောက်အပါအဝင် ရခိုင်၊ချင်းနဲ့ ကချင်ဒေသတို့မှာ စိုးမိုးနယ်မြေထဲက တပ်စခန်းတွေ မြို့တွေကို ဆုံးရှုံးမှု အကြီးအကျယ်ရင်ဆိုင်နေရပြီး တိုင်းစစ်ဌာနချုပ်နှစ်ခုကိုလည်း ဆုံးရှုံးထားရတာပါ။

လက်ရှိ ဒီဇင်ဘာလအတွင်း ရခိုင်နဲ့ ချင်းတို့မှာ မြို့ ၅ မြို့ထက်မနည်း ပူပူနွေးနွေး လက်လွှတ်ထားရပြီး ဧရာဝတီတိုင်းအစပ် ရခိုင်က ဂွမြို့ ထိုးစစ် ပြင်းထန်နေချိန်မှာ စစ်ခေါင်းဆောင်ကတော့ တွေ့ဆုံဆွေးနွေးဖို့ ထပ်ပြောလာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ပေးပို့တဲ့သဝဏ်လွှာမှာလည်း နိုင်ငံရေးစားပွဲဝိုင်းသို့ ငြိမ်းချမ်းစွာ ဖြေရှင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာဖြစ်လို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ဖို့ ပြောကြားခဲ့သေးတာပါ။

စစ်ကောင်စီအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ စိုးမိုးနယ်မြေတွေ တစ်ခုပြီးတစ်ခု လက်လွှတ်လာနေရပြီး အရေးနိမ့်မှုတွေ ကြုံလာတိုင်း နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းကသာ အောင်မြင်နိုင်မယ်လို့ စစ်ခေါင်းဆောင်က မကြာခဏ ပြောလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ NCA နှစ်ပတ်လည်အခမ်းအနားမှာလည်း သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်တပ်က ဆောင်ရွက်နေတဲ့ တည်ငြိမ်ရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ပြီး မိမိတို့ရဲ့လိုလားချက်တွေကို တွေ့ဆုံဆွေးနွေးမှုတွေကနေ ညှိနှိုင်းတောင်းဆိုကြဖို့ တိုက်တွန်းထားပါသေးတယ်။

ဒါပေမယ့် တစ်ဘက်မှာ လက်လွှတ်ခဲ့ရတဲ့ မြို့တွေအပါအဝင် စစ်ရှောင်စခန်းတွေ ဈေး၊ ဆေးရုံ၊ လူနေအိမ်၊ ဘာသာရေးအဆောက်အဦ စတဲ့နေရာတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာပါ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ လက်ရှိမှာ စစ်ကောင်စီစိုးမိုးနယ်မြေထဲက မြို့ ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရပြီး အဲဒီထဲမှာ ရခိုင်၊ ရှမ်းမြောက်၊ ကချင်၊ ချင်းနဲ့ ကရင်နီ တိုင်းရင်းသားဒေသတွေ အများဆုံး ပါဝင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.