ဂွ၊ ဒီဇင်ဘာ ၂၃

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ဂွ မြို့သိမ်းတိုက်ပွဲအတွက် အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ထားပါတယ်။

တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ ခမရ-၅၄၄ နဲ့ ခမရ ၃၄၆ အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းအားလုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီအချိန်ခန့်မှာ AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။

အရက္ခတပ်တော် AA က တစ်ပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့ မြို့လေးမြို့အနက် လက်ရှိမှာ ဂွမြို့တစ်မြို့သာ ကျန်ရှိတော့ပြီး ဂွမြို့ရဲ့ သုံးပုံနှစ်ပုံခန့်ကိုလည်း သိမ်းပိုက်ရရှိထားပြီး ဖြစ်သလို မြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်တွေကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်း အပါအဝင် နေရာအစုံမှ စစ်ကူတပ်တွေကို ဖြည့်တင်းနေပေမယ့် ဖွဲ့စည်းထားတဲ့ စိတ်ဓာတ်ပျက်ပြားနေပြီး တိုက်တိုင်းရှုံးကာ ထွက်ပြေးနေရတာကြောင့် မကြာခင်ရက်အတွင်းမှာပဲ ဂွမြို့ကို လက်လွှတ်ဆုံးရှုံးရမယ်လို့ AA က ဆိုထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ဂွမြို့ရှိ ကျေးရွာတွေနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာတွေ ဆက်တိုက် လုပ်ဆောင်နေပြီး ဧရာဝတီတိုင်းအတွင်းမှ တစ်ဆင့်ချင်းတစ်ဆင့် ဆုတ်ခွာထွက်ပြေးနေရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီရဲ့ အခုလို စစ်ရာဇဝတ်ကျူးလွန်နေမှုတွေကို အာရက္ခတပ်တော်အနေနဲ့ သေချာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့တဲ့ တပ်မ တပ်ရင်းနဲ့ အမိန့်ပေးသူ၊ ညွှန့်ကြားချက်ပေးသူတွေကို ဖမ်းဆီးရမိပါက ပြစ်မှုတွေနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို စီရင်ချမှတ်သွားမယ်လို့ အသိပေးထာပါတယ်။

ရခိုင်ဒေသက စစ်ဆင်ရေးတွေမှာ ရခိုင်ပြည်နယ်ရဲ့ မြို့နယ် ၁၇ မြို့အနက် ၁၃ မြို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.