တနင်္သာရီ၊ ဒီဇင်ဘာ ၁၉

တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ နှစ်ဖက်တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း နေရပ်စွန့်ခွာထွက် ပြေး တိမ်းရှောင်ခဲ့ရသူ ၆၈၀၀၀ ကျော်အထိရှိတယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE5 Thanintharyi ထံက သိရပါတယ်။

နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ကျေးရွာတွေကို ရက်ရှည်စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေအပြင် နေအိမ်မီးရှို့မှု၊ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် နေ ရပ်စွန့်စွာ ထွက်ပြေးတိမ်းရှောင်ရသူ ပိုမိုများပြားလာတာပါ။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူ ၃၁၉၀၀ ကျော်ရှိပြီး လောင်းလုံးမြို့နယ်တစ်ခုတည်းမှာ ရက်ရှည်စစ်ကြောင်းထိုးမှုနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရသူ ၁၂၀၀၀ နီးပါး ရှိခဲ့ပါတယ်။

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေမှာ နှစ်ဖက်တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်ခံရမှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူ အနည်းဆုံး ၃၅၉၀၀ ဦး ကျော်ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပုလောမြို့နယ်က နယ်မြေအချို့ကို စစ်ကောင်စီက ပြန်လည်စစ်ကြောင်းထိုးလာပြီး ကျေးရွာအချို့ကို ထိန်းချုပ်ထားတာကြောင့် နေရပ်ပြန်ဝင် နေထိုင်သူတွေလည်း ထပ်မံစစ်ဘေးရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

ကော့သောင်းခရိုင်မှာတော့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်မီးရှို့ဖျက်ဆီးမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၅၀၀ နီးပါး ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီဟာ ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်း တောင်ပျောက်တိုက်နယ် ၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာ ဆန်၊စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေ ကန့် သတ်ထားတဲ့အတွက် စစ်ရှောင်ဒေသခံတွေ အခက်ကြုံနေရပါတယ်။

တနင်္သာရီတိုင်းရှိ စစ်ဘေးရှောင်အများစုဟာ ကိန်းသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်မှု တိုက်ပွဲဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး အရေအတွက် အပြောင်းအလဲအမြဲရှိနေတာ ဖြစ်တယ်လို့ အ သိပေးထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA ရဲ့ အချက်အလက်တွေအရ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူဦးရေ ၃ ဒသမ ၅ သန်းနီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.