မော်လမြိုင် ၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ အာဏာသိမ်းကာလ ၄ နှစ်နီးပါးအတွင်း နိုင်ငံ့စီးပွားရေးဟာ အနုတ် ၁ ရာခိုင်နှုန်းအောက်ထိ ကျဆင်းလာတယ်လို့ ကမ္ဘာ့ဘဏ်က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ အခုဘဏ္ဍာနှစ် ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ် မတ်လအထိ မြန်မာ့စီးပွား ရေးဟာ အနုတ် ၁ ရာခိုင်နှုန်းအထိ ဖြစ်သွားမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က သတိပေးထားတာပါ။
အခုလို မြန်မာ့စီးပွားရေး ကျဆင်းလာတာဟာ သဘာဝဘေးအန္တရာယ် ကျရောက်တာ၊ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံတွင်း ပဋိပက္ခအခြေအနေနဲ့ ကုန်စည်ပြတ်လပ်မှု အခြေအနေတွေကြောင့် စီးပွားရေး မျှော်လင့်ချက်ဟာ အားရစရာမရှိဘူးလို့ ဆိုထားပါတယ်။
ဒါ့အပြင် ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနဲ့ ပြည်တွင်း ဝယ်လိုအား နည်းမှုတွေကြောင့် ထုတ်လုပ်မှုကို ကန့်သတ်ထားလို့ စိုက်ပျိုးရေး၊ ကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍအသီးသီးမှာလည်း တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းနေအုံးမယ်လို့ ထုတ်ပြန်ချက်မှာ ပါ ရှိပါတယ်။
စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ အခုလိုမြန်မာ့စီးပွားရေး ကျဆင်းလာရတာဟာ လက်ရှိလျှပ် စစ်မီးမရတဲ့အတွက် ရင်းနှီးမြှုပ်နှံမှုတွေ မရှိတာကြောင့် အနုတ်လက္ခဏာပိုပိုပြီး ပြလာတာဖြစ်သ လို စီးပွားရေးနဲ့ နိုင်ငံရေး ဆက်စပ်နေတာကြောင့် ပြည်သူတွေကို အဆင်မပြေအောင်လုပ်တဲ့အ တွက် ရိုက်ခတ်မှုတွေရှိလာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ပြည်တွင်းမှာရှိတဲ့ ကုန်ထုတ်လုပ်ငန်းတွေကလည်း လျှပ်စစ်မီးမရတာတို့၊ စက်သုံးဆီတွေဈေးမြင့်တာတို့နဲ့ တအားကြီး အဆင်ပြေနေတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံကသူတွေက တအားကြီး ထုတ်လုပ်ပြီးတော့ တအားကြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေ ထုတ်လုပ်နိုင်တာမှ မဟုတ်တာ။ ဘယ်သူမှလည်း ရင်းနှီးမြှုပ်နှံထားတာ မရှိဘူးလေ။ နိုင်ငံခြားသားတွေက လျှပ်စစ်မီးမှမရတာကို၊ အဲဒီလိုမျိုးပေါ့။ အကုန်လုံးက အနုတ်တွေပဲပိုပိုပြီးတော့ ပြသွားမှာပေါ့။ စီးပွားရေးနဲ့ နိုင်ငံရေးက ဆက်စပ်နေတာလေ။ ပြည်သူတွေ စီးပွားရေးကောင်းမှပဲ နိုင်ငံရေးကောင်းမှာလေ။ စီးပွားရေးကို မကောင်းအောင် လုပ်လိုက်လို့ရှိရင်တော့ နိုင်ငံကြီးက ပိုတောင်ဆိုးသွားအုံးမှာပေါ့။ ပြည်သူတွေကို အဆင်မပြေအောင်လုပ်ရင် အစိုးရမှာလည်း ထိုက်သင့်လျောက်ပတ်တဲ့ ရိုက်ခတ်မှုတွေ ပိုပိုပြီးတော့ ရှိလာမှာပေါ့” လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့စီးပွားရေး ကျဆင်းရတာဟာ အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာသွားတာ၊ ကျပ်ငွေတန်ဖိုးကျဆင်းပြီး သွင်းအားစုဈေးနှုန်း အဆမတန်မြင့်တက်တာကြောင့် လုပ်ငန်းတွေ မလည်ပတ်နိုင်တော့တာအပြင် စစ်ကောင်စီရဲ့ မူဝါဒအမှားတွေကြောင့် ဖြစ်တယ်လို့ သူကထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အဆိုအရ နိုင်ငံအတွင်းရှိ မြို့နယ်စုစုပေါင်းရဲ့ ထက်ဝက်ခန့်ဟာ ပဋိပက္ခအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် နယ်စပ်ကုန်စည် ကူးသန်းရောင်းဝယ်မှုကို ဆက်လက်အကျိုးသက် ရောက်နေမယ့်အပြင် မက်ခရိုစီးပွားရေး မတည်ငြိမ်မှုဟာလည်း ပြီးခဲ့တဲ့ ၆ လ အတွင်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ရေကြီးမှုကြောင့် မြို့နယ် ၁၉၂ မြို့နယ်ရှိ လူပေါင်း ၂.၄ သန်း ထိခိုက်ခဲ့ရသလို အ ဆောက်အဦတွေပျက်စီးပြီး ထုတ်လုပ်မှုကို ပြတ်တောက်ကာ လုပ်ငန်းအားလုံးရဲ့ သုံးပုံတစ်ပုံကျော်နဲ့ စိုက်ပျိုးရေးလုပ်ငန်း ထက်ဝက်ကျော်မှာ ဆိုးရွားတဲ့သက်ရောက်မှု ရှိခဲ့တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
ဒေသတွင်းမှာ အလုပ်အကိုင် ရှားပါးလာတဲ့အတွက် ပြည်ပကိုသွားရောက် အလုပ်လုပ်ကိုင်သူတွေ များလာပြီး အဲဒီလိုပြည်ပထွက် အလုပ်လုပ်သူတွေရဲ့ ဝင်ငွေကို အိမ်ထောင်စုပေါင်း ၇.၅ ရာခိုင်နှုန်းက အဓိကမှီခိုနေရတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားပါတယ်။
အခုလို ရွှေ့ပြောင်းအခြေချမှုဟာ မြန်မာနိုင်ငံမှာ အရေးပါတဲ့ ကိုင်တွယ်ဖြေရှင်းရေး ယန္တရားတစ်ခုအဖြစ် ဆောင်ရွက်နေတာကြောင့် ပြည်တွင်းလုပ်သားရှားပါးမှုနဲ့ လူ့စွမ်းအားအရင်းအနှီးတွေ ပြတ်တောက်မှု ဖြစ်ပေါ်နေတယ်လို့လည်း ဆိုထားပါတယ်။
မြန်မာနဲ့ ထိုင်းနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာရှင်နဲ့ အစီအစဉ်ဦးဆောင်သူ Kim Edwards (ကငအက်ဒ်ဝပ်) ကတော့ အခုလို ရွှေ့ပြောင်းသွားလာမှု များလာတာဟာ မြန်မာ့စီးပွားရေးရဲ့ မရေ ရာတဲ့ အခြေအနေအပြင် ပဋိပက္ခနဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ဖိအားတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ထားကြောင်း အစီရင်ခံစာမှာ ပါရှိပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ