လောင်းလုံး၊ ဒီဇင်ဘာလ ၁၄

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အင်းစောက်ကျေးရွာ ပြည်လုံးချမ်းသာဘုရားအနီးမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက စစ်ယာဉ်တန်းပစ်ခံရပြီး စစ်ကောင်စီဘက်က ပြန်ပစ်ရာကနေ အမျိုးသမီး ၁ ဦးသေဆုံးတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ပြောပါတယ်။

ဒီဇင်ဘာ ၁၃ ရက် မနက် ၆ နာရီခန့်မှာ မင်းရပ်ကျေးရွာဘက်ကနေ လောင်းလုံးဘက်ကို ပြန်တက်လာတဲ့ စစ်ကောင်တပ်သားတွေလိုက်ပါလာတဲ့ကား ၃ စီးနဲ့ အအေးခန်းကား ၉ စီးပါ ယာဉ်တန်းကို တော်လှန်ရေးအဖွဲ့ တွေဘက်က ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

အအေးခန်းကားတွေကို လုံခြုံရေးယူပြီး လိုက်ပါလာတဲ့ စစ်ကောင်စီဘက်ကကားတွေကို လမ်းမှာ ဖြတ်တိုက်ခဲ့ရာကနေ ပြန်လည်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်မှာလည်း ပြင်းပြင်း ထန်ထန် ထိခိုက်မှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောဆိုထားပါတယ်။

တော်လှန်ရေးအဖွဲ့တွေပစ်ခတ်လို့ စစ်ကောင်စီအဖွဲ့တွေဘက်က ထိခိုက်သေဆုံးသူများနိုင်ပြီး ကားအချို့က ဆက်မမောင်းနိုင်တော့တာကြောင့် စမ်းလှမ်းကျေးရွာအဆင်း လက်ခတ်တောင်တာဝါတိုင် စစ်ကောင်စီဂိတ်နားမှာရပ်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေကို တခြားကားတွေနဲ့ပြောင်းယူသွားတယ်လို့ သိရပါတယ်။

အဲဒီလိုစစ်ကောင်စီယာဉ်တန်းရဲ့ တန်ပြန်ပစ်ခတ်မှုကြောင့် ယာဉ်တန်းအနောက်ဘက်ခပ်လှမ်းလှမ်း နေရာကနေပါလာတဲ့ အမျိုးသမီးတစ်ဦးကို ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ ကျည်ဟာ အင်းစောက်ရွာသူ အသက် ၄၀ ကျော်အရွယ် ဒေါ်နွဲ့သန်းကိုထိမှန်ခဲ့ပြီး ရင်ဘတ်နဲ့ဦးခေါင်းမှာရရှိတဲ့ ကျည်ထိမှန်ဒဏ်ရာကြောင့် နေရာမှာတင် ပွဲချင်းပြီး သေ ဆုံးသွားခဲ့တာပါ။

စစ်ကောင်စီယာဉ်တန်းနဲ့ အပြန်အလှန် ပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့တွေလုပ်ဆောင်ခဲ့သလဲဆိုတာ လတ်တလော မသိရသေးဘဲ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

အခုပစ်ခတ်ခံရတဲ့ စစ်ကောင်စီအဖွဲ့ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ လောင်းလုံးမြို့နယ် မင်းရပ်ကျေး ရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အဖွဲ့ဖြစ်ပြီး အဲဒီနေ့ နေ့လယ် ၁၂ နာရီကျော်ခန့်မှာလည်း ကျေးရွာစည်ပင်စာသင်ကျောင်းအနီးမှာ မိုင်းဆွဲခံရလို့ ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.