မော်လမြိုင် ၊ ဒီဇင်ဘာ ၁၁
မွန်ပြည်နယ်မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူ စီနင်းမှုအပါအဝင် ဒေသန္တရအမိန့်ဖောက် ဖျက်သူတွေကို တစ်လစီမံချက်နဲ့ ဖမ်းဆီးနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ စုံစမ်းသိ ရှိရပါတယ်။
စစ်ကောင်စီဟာ ဒေသန္တရအမိန့်ဖောက်ဖျက်သူတွေကို ဒီဇင်ဘာ ၁ ရက်နေ့ကနေ့ ၃၁ ရက်နေ့အထိ တစ်လတာစီမံချက်နဲ့ အင်အားအများအပြား အသုံးပြုကာ လမ်းဆုံလမ်းခွတွေမှာ နေ့ရောညပါ ပိတ်ဆို့ဖမ်းဆီးနေတာပါ။
စစ်ကောင်စီ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်အရ ညမထွက်ရအမိန့် ဖောက်ဖျက်သူတွေအပါအဝင် အမျိုးသားနှစ်ယောက် ဆိုင်ကယ်မစီးရ သတ်မှတ်ထားတဲ့ မြို့နယ်တွေမှာ အဓိကပစ်မှတ်ထား ဖမ်း ဆီးနေတာ ဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ ဘီးလင်းဒေသခံတစ်ဦးကတော့ ည ၁၀ နာရီ နောက်ပိုင်း အပြင်ထွက်သွားလာသူတွေကို အဓိကပစ်မှတ်ထားဖမ်းဆီးပြီး အဲဒီထဲကလူငယ်တချို့ စစ်မှုထမ်းအဖြစ် စစ်သားစု ဆောင်းခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ည ၁၀ နာရီ နောက်ပိုင်းတွေမှာ နှစ်ယောက်စီးရင် ဖမ်းတာပေါ့။ စစ်မှုထမ်းထဲ ထည့်တယ်။ ငွေ ကြေးတောင်းခံတာတော့ မိသွားတဲ့အခါမျိုးကျရင် ပေးရကမ်းရတာတော့ရှိတာပေါ့။ ဒီမှာ ည ၁၀ နာရီ သူတို့အစကတည်းက အော်ထားတဲ့ထဲမှာ အချိန်လင့်ရင်ဆွဲမယ်ဆိုတော့ ရပ်ကွက်ဥက္ကဋ္ဌတွေကလည်း ဆွဲရင်ဆွဲလေ။ ဆွဲဆိုတော့ တစ်ယောက်ထဲ စီးလာရင် တော်ယုံတန်ယုံမဟုတ်ဘူး။ နှစ်ယောက်စီးရင် ကောက်ဖမ်းတယ်။ ဘာမှမပြောဘူး စစ်မှုထမ်းထဲထည့်တာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကောင်စီနဲ့ နီးစပ်သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်အသိုင်းအ ဝိုင်းက လူတွေလောက်သာ ငွေကြေးသိန်းဆယ်ချီပေးပြီး ပြန်လွှတ်ပေးပေမယ့် အများစုကိုတော့ ပြန်လွှတ်ပေးတာ မရှိဘူးလို့ သူကဆက်ပြောပါတယ်။
စစ်ကောင်စီဘက်က ဒေသန္တရအမိန့် အကြောင်းပြပြီး လူငယ်အများစုကို ဖမ်းဆီးနေတာကြောင့် လူငယ်တွေအနေနဲ့ လမ်းသွားလမ်းလာဖို့တောင် အခက်အခဲရှိလာသလို လုံခြုံမှုမရှိတော့တဲ့ အခြေ အနေ ဖြစ်နေရတယ်လို့ လူငယ်တွေက ပြောကြပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ အခုရက်ပိုင်းအတွင်း မွန်ပြည်နယ်မှာ ဒေသန္တရအမိန့် ဖောက်ဖျက်မှုစွပ်စွဲချက်နဲ့ လူပေါင်း ၆၀ ထက်မနည်း ဖမ်းဆီးခံထားရပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကောင်စီဟာ တော်လှန်ရေးအင်အားစုအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်နဲ့ ရေးမြို့နယ်တွေမှာတော့ အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူ မစီးရအပါအဝင် ဒေသန္တရအမိန့်အမျိုးမျိုး ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ