ဆီဆိုင်၊ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ လက်နက်ငယ်နဲ့ ဝိုင်းဝန်းပစ်ခတ်တာကြောင့် ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ဒီဇင်ဘာ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှာ ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် အောင်ကလပ်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ထီးစဲခါးရေတံခွန်ကျောင်းမှ ဆရာတော်ရဲ့ ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ထီစဲခါးရေတံခွန်ကျောင်း ဆရာတော်ဟာ အခင်းဖြစ်ပွားရာ နေရာမှပဲ ပျံလွန်တော်မူခဲ့ပြီး ကားပေါ်ပါလာတဲ့ အခြားဆရာတော်နှစ်ပါးလည်း ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အောင်ကလပ်ကျေးရွာဟာ ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ်မှာ ရှိပြီး အဲဒီနေရာမှာ စစ်ကောင်စီတပ်သားတွေသာ တပ်စွဲနေထိုင်နေတယ်လို့ PNLA က ဆိုပါတယ်။

အလားတူ နိုဝင်ဘာ ၃၀ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီမှ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ဟိုနမ့်ဒေသရှိ ပအိုဝ်းကျေးရွာတွေကို ဗုံးသီး ၁၄ လုံးထက်မနည်း လာရောက်ကြဲချခဲ့တာကြောင့် နေအိမ် ၁၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပအိုဝ်းဒေသထဲကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ပအိုဝ်းရဟန်း သံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းကျေးရွာတွေကို ဖျက်ဆီးတာ၊ ပြည်သူတွေကို သတ်ဖြတ်တာ၊ ရဟန်းသံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေပါ ကျူးလွန်နေတယ်လို့ PNLA က ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ နမ့်ယင်ကျေးရွာမှ ဒေသခံ ဖြားလိန်းကို ပွန်ချောင်းတံတားအနီးမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.