အမ္မာန်၊ နိုဝင်ဘာ ၃၀
ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တွေဟာ အလက်ပိုမြို့ နှလုံးသည်း ပွတ်နေရာသို့ ရောက်ရှိနေပြီလို့ ပြောဆိုထားချိန်မှာ အာဏာပိုင်တွေက အလက်ပိုမြို့ လေဆိပ်ကို နိုဝင်ဘာ ၃၀ ရက်မှာ ပိတ်လိုက်တဲ့အပြင် အဲဒီမြို့ကို ဆက်သွယ်ထားတဲ့ လမ်းအားလုံးကိုလည်း ပိတ်ထားလိုက်ကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် သုံးခုက ရိုက်တာ သတင်းဌာန သို့ ပြောကြားခဲ့ပါတယ်။
ဟာရက် တာဟီရာ အယ်ရှမ် လက်နက်ကိုင် အဖွဲ့ ဦးဆောင်တဲ့ အတိုက်အခံ တိုက်ခိုက်ရေးသမားတွေဟာ အခု သီတင်းပတ်အတွင်း အစိုးရထိန်းချုပ်ထားတဲ့ မြို့တွေကို အမှတ်မထင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပါတယ်။
ဆီးရီးယား မြောက်ပိုင်းရှိ အလက်ပိုမြို့ကနေ တိုက်ထုတ်ခံရပြီးနောက် ဆယ်စုနှစ် တစ်ခုနီးပါး အကြာမှာ မြို့ဆီ အဲဒီတိုက်ခိုက်ရေးသမားတွေ ပြန်ရောက်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ အာဆတ်ရဲ့ အဓိကမဟာမိတ် ရုရှားက သူပုန်တွေကို တားဆီးနိုင်ဖို့ ဆီးရီးယားအစိုးရကို စစ်ရေး အကူအညီ ပိုပေးမယ်လို့ ကတိပေးထားကြောင်း စစ်ဖက်ဆိုင်ရာ သတင်းရင်းမြစ် နှစ်ခုက ပြောကြားထားပါတယ်။
ရုရှားက ပို့ပေးမယ့် စစ်လက်နက်အသစ်တွေဟာ လာမယ့် ၇၂ နာရီ အတွင်း ဆီးရီးယားသို့ ရောက်ရှိလာမယ်လို့ သိရပါတယ်။
သူပုန်တွေ ဝင်ရောက်လာပြီ ဖြစ်တဲ့ အလက်ပိုမြို့ရဲ့ အဓိကနေရာတွေကနေ ဘေးကင်းစွာ ဆုတ်ခွာသွားကြဖို့ ဆီးရီးယား စစ်တပ်ကို ပြောထားကြောင်း သိရပါတယ်။
သမ္မတ အာဆတ်နဲ့ သူ့ရဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှား၊ အီရန်နဲ့ ဒေသဆိုင်ရာ ရှီးဟိုက် လက်နက်ကိုင်တွေက အလက်ပိုမြို့ကို ၂၀၁၆ ခုနှစ်မှာ ပြန်လည် သိမ်းပိုက်ခဲ့တာကြောင့် ဆုတ်ခွာပေးခဲ့ရတဲ့ သူပုန်တွေဟာ အခု ပထမဆုံးအကြိမ် ပြန်လည် ဝင်ရောက်လာနိုင်တာ ဖြစ်ပါတယ်။
ဒေသတွင်း အီရန်ရဲ့ မဟာမိတ်တွေနဲ့ သူတို့ ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေကို ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးက တိုက်ခိုက်နေတာကြောင့် ဆီးရီးယားမှာ အင်အားလျော့နေတဲ့ အခြေအနေကို အသုံးချပြီး သူပုန်တွေက ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
သူပုန်တွေ မြို့သို့ ဝင်ရောက်လာနေပြီဆိုတဲ့ သတင်းကို ဆီးရီးယား နိုင်ငံပိုင်ရုပ်သံလိုင်းက ငြင်းဆိုသွားပြီး နိုင်ငံရဲ့ စစ်တပ်ကို ရုရှားက လေကြောင်း ပစ်ကူပေးနေတယ်လို့ နိုဝင်ဘာ ၂၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
Ref:Reuters