မကွေး နိုဝင်ဘာ ၂၅

မကွေးတိုင်း ငဖဲမြို့နယ်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်တွေက နိုဝင်ဘာ ၂၃ ရက်မှာ မီးရှို့ ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး​ရာနဲ့ချီ အသုံးပြုပြီး ဘုံဘောရွာနဲ့ ကျွဲသလင်းရွာကို ဝင်​ရောက် မီးရှို့သွားတာလို့ သိရပါတယ်။

“တိုက်ပွဲက လေးနာရီလောက်ဖြစ်တယ်။ အဲဒီနောက်ပိုင်း စစ်တပ်ဘက်က တက်လာပြီးတော့ မီးရှို့သွားတာ။ ရွာသားတွေက တိုက်ပွဲမဖြစ်ခင်ကတည်းက ရှောင်နေရတဲ့အတွက် ထိခိုက်မှုတော့မရှိပါဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မီးရှို့ခံရတဲ့ ဘုံဘောနဲ့ ကျွဲသလင်းကျေးရွာတွေဟာ ငဖဲမြို့နယ်က အမည်ပေါက်နဲ့ ဖျက်စီးဖို့ အမိန့်ကျပြီးသား ကျေးရွာတွေဖြစ်ပြီး အခုလို ဖျက်ဆီးခံရတဲ့အကြောင်းအရင်းကိုတော့ မသိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဘုံဘောနဲ့ ကျွဲသလင်းရွာတွေမှာ အိမ်ထောင်စု ၈၀ ဝန်းကျင်​​လောက်ရှိပြီးတော့ အဲဒီရွာတွေအပါအဝင် အနီးနားကျေးရွာတွေဟာလည်း ပဒါန်းဘက်ကို စစ်ရှောင်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

လက်ရှိအထိ အခြေအနေရှုပ်ထွေးနေဆဲ ဖြစ်တာကြောင့် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ အဖွဲ့အစည်းတွေကို မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ၂၀ ရက်မှာတော့ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာ တဝိုက်မှာ PRA – Magway က စစ်ကောင်စီစစ်ကြောင်းကို ခြုံခိုတိုက်ခိုက်တာတွေပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၉ ဦးသေဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.