ရေး၊ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ ဖွင့်လှစ်ထားတဲ့ အာယုတောင်ဌာနေ ပြည်သူ့စစ်ရုံးကို နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၈ နာရီခွဲအချိန်ခန့်မှာ ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူ တွေပါ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ရေးဘီလူးအဖွဲ့ခေါင်းဆောင်က အဲဒီပစ်ခတ်မှုအတွင်း အာယုတောင်ပြည်သူ့စစ်အဖွဲ့ဝင် ငါးဦး ထိခိုက်သေဆုံး နိုင်ပြီး ပြည်သူ့စစ်ခေါင်းဆောင် လင်းဦးကတော့ လည်ပင်းနဲ့ဝမ်းဗိုက်တွေမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေအဆိုအရ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒေသခံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ စစ်အဖွဲ့က အနည်းဆုံး သုံးဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုကြပါတယ်။
ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဌာနပြည်သူ့စစ်ခေါင်းဆောင် လင်းဦးကိုတော့ ရေးမြို့နယ်ပြည်သူ့ ဆေးရုံထံ ပို့ဆောင်ကုသထားတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံက စုံစမ်းသိရှိရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုပြီးနောက် အာယုတောင်အခြေစိုက် စစ်ကောင်စီတပ်က တပ်အင်အား ၅၀ ကျော်နဲ့ လာရောက်စစ်ဆေးမှုတွေ လုပ်ဆောင်သွားပါတယ်။
အင်အား ၇၀ နီးပါးရှိတဲ့ အာယုတောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး လင်းဦး ဦးဆောင်တဲ့ အာယုတောင် ပြည်သူ့စစ်အဖွဲ့ကို ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က စစ်ကောင်စီက ရေးတပ်နယ်မှာ လက်နက်တပ်ဆင်ပေးခဲ့တာ ဖြစ်ပါတယ်။
အာယုတောင်ဌာနေပြည်သူ့စစ်အဖွဲ့ဟာ ရေးဒေသဖြစ်တဲ့ အာယုတောင်၊ နှင်းစုံ၊ ချောင်းတောင်တံတား တဝိုက်လှုပ်ရှားတာ ဖြစ်သလို စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး ငွေကြေးကောက်ခံတာတွေလည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူး