ကျိုက်ထို၊ နိုဝင်ဘာ ၂၄
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် လက်ပြကျေးရွာ ပစ်ခတ်မှုအတွင်း ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကျိုက်ထိုအခြေစိုက် အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူနေအိမ်ကို စစ်ကောင်စီဘက်က လာရောက်ချိပ်ပိတ်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
စစ်ကောင်စီတပ်၊ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ လက်ပြကျေးရွာရှိ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူ နေအိမ်ကို လာရောက်ချိပ်ပိတ်သွားတာပါ။
စစ်ကောင်စီကတော့ သေဆုံးသွားတဲ့ အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူ နေအိမ်ဟာ အကြမ်းဖက်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လာရောက်ချိပ်ပိတ်သွားတာပါ။
မိသားစုနဲ့နီးစပ်သူတွေကတော့ ချိပ်ပိတ်ခံရတဲ့ နေအိမ်ဟာ ကိုထက်မြတ်သူနဲ့ သူ့အမေပိုင်တဲ့ နေ အိမ်မဟုတ်ဘဲ ဘိုးဘွားပိုင်နေအိမ်သာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၁ရက်နေ့က လက်ပြကျေးရွာရှိ အလွတ်တန်း သတင်းထောက် ကိုထက်မြတ်သူ နေအိမ်ကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲဒီစီးနင်းမှုအတွင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တပ်ဖွဲ့ဝင် နှစ်ဦး၊ DVB CJ သတင်း ထောက် ကိုဝင်းထွဋ်ဦးနဲ့ အလွတ်တန်းသတင်းထောက် ကိုထက်မြတ်သူတို့ဟာ ဖမ်းဆီးခံရပြီးနောက် ပစ်သတ်ခံလိုက်ရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီး သုံးလကျော်ကြာမှာပဲ ကိုထက်မြတ်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က လာရောက် ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။
စစ်တပ်လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ နေအိမ်ချိပ်ပိတ်ခံရတဲ့ ကိုထက်မြတ်သူရဲ့ မိခင် ဒေါ်စိုးစိုးခိုင်အား ကျိုက်ထိုနယ်မြေရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄၉ (က)၊ ၅၂(က)၊ ၅၄ နဲ့အမှုဖွင့်အရေးယူထားတယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျိူက်ထိုမြို့နယ်ထဲမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ နေအိမ်အလုံး ၃၀ ထက်မနည်း ချိပ်ပိတ်ခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Twitter