ညောင်လေးပင်၊ နိုဝင်ဘာ ၂၂

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ ၃ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ ၆၀၀၀ ကျော်ဟာ ကျန်းမာရေးနဲ့ စားနပ်ရိက္ခာအခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က KNU ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ခလ ရ ၂၆၄ တပ်က လက်နက်ကြီး ၁၂၀ မမနဲ့ ပန်အင်းကျေးရွာထဲကို ၂ လုံး၊ နိုဝင်ဘာ ၁၆ ရက်နေ့က ချုံအင်းကျေးရွာထဲကို ၁ လုံး စုစုပေါင်း ၃ လုံးပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် KNU ကျောက်ကြီးမြို့နယ်ထဲမှာလည်း နိုဝင်ဘာ ၁၆ ရက်ကနေ နိုဝင်ဘာ ၁၇ ရက်နေ့အ တွင်း စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်က ကျောင်းကုန်းရွာ၊ ခရုန်ကုန်းရွာ၊ နိုဂေါ်ရွာထဲကို လက်နက် ကြီး ၄ လုံး၊ နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်ကလည်း ပဲသောင်၊ သောင်ပု၊ ဝါးပင်စု၊ ခြောက်တဲစု၊ အလယ်စု၊ တောကြောင်ပေါက်ကျေးရွာတွေထဲကို လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျောင်းသူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ခရစ်ယာန်ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းအပါအဝင် နေအိမ်အဆောက်အဦးပေါင်း ၄ လုံး ထိမှန်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် KNU မုန်းမြို့နယ်မှာလည်း နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အတွင်း စစ်ကောင်စီတပ်က ရွာကြီးအင်း၊ ရေလဲ၊ နောင်ကုန်း၊ တမာခေါ၊ တောင်စုအရှေ့စတဲ့ ကျေးရွာ ၁၀ ကျော်ထဲကို လက်နက်ကြီးအလုံး ပေါင်း ၈၀ ကျော် ပစ်ခတ်ခဲ့ရာ ရွာကြီးအင်းကျေးရွာနေ ဒေသခံအမျိုးသား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တာပါ။

မုန်းမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးပစ်ခတ်ပြီး တချိန်ထဲမှာ နောင်ကုန်းနဲ့ ရွာကြီးအင်းကျေးရွာတွေထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထု ၆၄၅၁ ဦး ရှိနေပြီး ကျန်းမာရေးနဲ့ စားနပ်ရိက္ခာပြဿနာတွေ ကြုံတွေ့နေရတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူလူထုတွေအတွက် ညောင်လေးပင်ခရိုင် ကရင်လူမှုကယ်ဆယ်ရေးနဲ့ ဖွံ့ဖြိုးရေးရုံး KORD ၊ ခရိုင်တာဝန်ရှိသူတွေကနေ ဦးဆောင်ပြီး ငွေကြေးထောက်ပံ့တာတွေ သွားရောက်လုပ်ဆောင်နေတယ်လို့လည်း KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.