မော်လမြိုင်၊ နိုဝင်ဘာ ၂၁

နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အသက် ၁၈ အောက် ကလေးငယ် ၇၀၀ နီးပါး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအ သင်း AAPP က နိုဝင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၀ ရက်နေ့အထိ မတရားအာဏာ သိမ်းကာလအတွင်း စစ်ကောင်စီတပ်နဲ့ လက်ပါးစေတွေရဲ့ လက်ချက်ကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၆၇၁ ဦး သေဆုံးခဲ့ရတာပါ။

AAPP ရဲ့အချက်အလက်တွေအရ အသက် ၁၈ နှစ်အောက် သေဆုံးခဲ့တဲ့ ကလေးငယ်တွေဟာ ၂၀၂၁ ခုနှစ်မှာ ၁၀၁ ဦး၊ ၂၀၂၂ ခုနှစ်မှာ ၁၃၆ ဦး၊ ၂၀၂၃ ခုနှစ်မှာ ၂၀၈ ဦးနဲ့ ၂၀၂၄ ဇန်နဝါရီလမှ နိုဝင် ဘာလ ၂၀ ရက်နေ့အထိ ၂၂၆ ဦး သေဆုံးခဲ့တာကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့မှာ ချင်းပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ KBC ခရစ်ယာန်ဘုရားရှိခိုကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဘုရားကျောင်းအနီးရှိ စစ်ဘေးရှောင် လဇွမ်လွမ်းဝါ၊ ဂျာမွန်းမိုင်တို့ ဇနီးမောင်နှံနဲ့ သားသမီးတွေဖြစ်တဲ့ လဇွမ်မျိုးဂျတ်အောင်ဦး၊ လဇွမ်ဆာရာဆိုင်း၊ လဇွမ်မေဆိုင်းပန်းနဲ့ လဇွမ်ဆန်ဇောင်လီတို့ မိသားစုဝင် ၆ ဦး သေဆုံးခဲ့ပါတယ်။

ဒါအပြင် နောက်ထပ်ကလေးသုံးဦးဖြစ်တဲ့ ဂေါ်လူဂွမ်ဆိုင်းမော်၊ ဆွမ်လွတ်မုန်ထွယ်အောင်နဲ့ လရှီးစောမ်ဆန်ဆို့ ဗုံးစထိမှန်သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှ စက်တင်ဘာလအတွင်း နိုင်ငံတစ်ဝန်းမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်မပြည့်သေးတဲ့ ကလေးငယ် ၄၉ ဦး သေဆုံးခဲ့တယ်လို့ သွေစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.