ပေါင် ၊ နိုဝင်ဘာ ၂၂
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၇ အတွက် ဒေသတွင်းရှိ လူငယ် ၂၀ ထက်မနည်း အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းခံထားရတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်းအတွက် ဒေသခံလူငယ်တွေကို ညအချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ ပွဲလမ်းသဘင်တွေမှာလည်း ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရသူတွေဟာ ညပိုင်းအချိန် အပြင်ထွက်သွားလာသူတွေ၊ အရက်သေစာ သောက်စားထားသူတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
ဒေသခံလူငယ်တစ်ဦးကတော့ လူငယ်တွေဟာ ပြည်တွင်းစစ်မှာ စစ်မှုထမ်းဖို့မွေးဖွားလာတာမ ဟုတ်တဲ့အတွက် အတင်းအကျပ်ဖမ်းဆီးပြီး စစ်သားစုဆောင်းနေတဲ့အပေါ် လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ပါတယ်။
“လူငယ်ဆိုတာ ဒီပြည်တွင်းစစ်မှာ စစ်မှုထမ်းဖို့ မွေးဖွားလာတာ မဟုတ်ဘူးလေ။ သူ့အနာဂတ် သူ့မှာ သူ့စိတ်ကူးယဉ် ထားတာတွေရှိမယ်။ သူ့မိသားစုအတွက် သူရုန်းကန်ရမယ့်ကိစ္စတွေ ရှိတယ်။ သူ့ကိုသူတည်ဆောက်ရမယ့်ကိစ္စတွေ ရှိတာပေါ့။ အဲဒီလို မမျှော်မှန်းနိုင်တဲ့ အခုလို ပြဿနာကြားထဲမှာ လူငယ်တွေက ဘလိုင်းကြီးနဲ့ ဒီဟာကြီးကိုဝင်ပြီးတော့ ထမ်းပေးရမယ်ဆိုရင်တော့ လူငယ်တစ်ယောက်အနေနဲ့ ဘာမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ အတင်းအကျပ် စုဆောင်းလာမယ်ဆိုရင်တော့ ဒီဟာကိုတော့ ဆန့်ကျင်ရတော့မယ်။ သို့မဟုတ် တားဆီးနိုင်တဲ့ အစုအဖွဲ့ကြီးတစ်ခုကိုတော့ ဖန်တီးရမှာပေါ့” လို့ ဆိုပါတယ်။
သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၁၈ နှစ်အရွယ်ကနေ အသက် ၄၀ အရွယ်တွေအထိ ပါဝင်ပြီး အများစုဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကြုံရာကျ ပန်း လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ စစ်သားစုဆောင်းလာတဲ့အတွက် လူ ငယ်တွေအနေနဲ့ အသွားအလာ အထူးသတိထားကြဖို့နဲ့ စစ်သားစုဆောင်းခံရပါကလည်း ပြန်ထွက်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက တိုက်တွန်းတာပါ။
အရင်က ဒေသတွင်းမှာ စစ်မှုထမ်း သင်တန်းတက်ရောက်ဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေကို လူစားထိုးအငှားခေါ်ဆောင်လို့ ရခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းတက်ပြီး ရှေ့တန်းပို့ ဆောင်ခံရတာကြောင့် အငှားလိုက်သူတွေ မရှိသလောက် နည်းပါးလာတာပါ။
စစ်မှုထမ်း သင်တန်း တက်ရောက်ဖို့ အငှားလိုက်သူ နည်းပါးလာတဲ့အတွက် စစ်ကောင်စီဟာ နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ဒေသတွင်းက လူငယ်တွေကို မရမကအတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ စစ်အင်အား လိုအပ်ချက်ကြောင့် စစ်မှုထမ်းဖို့အတွက် ပျက်ကွက်သူတွေကို ဒီလထဲမှာပဲ အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီး ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပြပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိ သင်တန်းဖွင့်လှစ်ထားပြီး အဲဒီထဲမှာ စစ်သားစုဆောင်းခံရသူ ၁၄၀၀ ထက်မနည်း ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC Telegram