မကွေး နိုဝင်ဘာ ၂၁

မကွေးတိုင်း ငဖဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၉ ဦးသေဆုံးခဲ့တယ်လို့ PRA Magway စစ်ဦးစီးချုပ်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်မှာ အင်အား ၄၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်တာကို ခံခဲ့ရတာပါ။

“ရခိုင်ဘက်ကိုစစ်ကူပို့တဲ့ ယာဉ်တန်းတွေကို လုံခြုံရေးယူပေးပြီး ကားပျက်လို့ ကျန်နေခဲ့သူတွေ ပူးပေါင်းပြီးတော့ တက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့တာပါ” လို့ PRA Magway ရဲ့ စစ်ဦးစီးချုပ် ကိုနောင်သူရိန်ကသံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းမှာ မစခ ၉၀၅ လက်အောက်ခံတပ်တွေနဲ့ ပေါ်တာဆွဲခံရတဲ့ သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်းထားတဲ့စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

စစ်​​ကြောင်းတိုက်ခိုက်ခံရပေမယ့် ယာဉ်တန်းတွေကတော့ ရခိုင်ပြည်နယ်ထဲကို ထွက်ခွာသွားပြီး အမ်းမြို့သို့ ရောက်ရှိသွားပြီလို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် တပ်ကြပ်ကြီးအဆင့်ရှိသူအပါအဝင် ၉ ဦးသေဆုံးပြီး ၁၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ မော်တော်ယာဉ် ၁၆ စီးဟာ နိုဝင်ဘာ ၂၀ ရက် မနက်ပိုင်းမှာ မကွေးကနေ ထွက်ခွာလာတာဖြစ်ပြီး ညနေပိုင်းမှာ လုံခြုံရေးယူပေးတဲ့ စစ်ကြောင်းတိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PRA-Magway

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.