ကန်ချာနာဘူရီ၊ နိုဝင်ဘာ ၁၃
တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ လာအိုနိုင်ငံသူ ၂ ဦး ပါဝင်တဲ့ နိုင်ငံခြားသား အယောက် ၂၀ ကို နိုင်ငံတွင်းမှာ တရားမဝင် နေထိုင်မှုနဲ့ ဆန်ခလာဘူရီ ဒေသမှာ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်မှာပြောကြားလိုက်ပါတယ်။
တရုတ် မှောင်ခိုးဂိုဏ်းတစ်ခုဟာ အဲဒီ ဒေသရှိ တောလမ်းကို ဖြတ်ပြီး မြန်မာနိုင်ငံထဲ အဝင်အထွက် ပြုလုပ်နေကြတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့တယ်လို့ ဆန်ခလာဘူရီ ရဲစခန်း တာဝန်ခံအရာရှိ ရဲမှူး ပိုင်တွန် သီရိဝေလိုင်က ဆိုပါတယ်။
နိုဝင်ဘာ ၁၁ ရက်မှာ အဲဒီ ဒေသကို စစ်ဆေးဖို့ ကင်းလှည့် စစ်သားတွေနဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ချိန်မှာ လူတစ်စုဟာ သံသယ ဖြစ်စရာ ကောင်းလောက်အောင် လှုပ်ရှားနေကြတာ တွေ့ခဲ့ရပါတယ်။
အဲဒီ လူစုမှာ တရုတ်နိုင်ငံသား ၁၈ ဦးနဲ့ လာအိုနိုင်ငံသူ ၂ ဦး ပါဝင်ပြီး တစ်ဦးမှာမှ နိုင်ငံကူးလက်မှတ်နဲ့ သက်သေခံ စာရွက်စာတမ်းတွေ မရှိကြဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
သူတို့ကို ရဲတပ်ဖွဲ့က နိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှုနဲ့ စွဲချက်တင်ပြီး အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ဆန်ခလာဘူရီ ရဲစခန်းသို့ ပို့ဆောင်ထားပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်း ကျားဖျန့်လုပ်ငန်းတွေမှာ အလုပ်စေခိုင်းဖို့ နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကတစ်ဆင့် တရားမဝင် ပို့ဆောင်မှုတွေ ရှိနေချိန်မှာ အခုလို ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။
အခု ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံရှိ တရားမဝင် လုပ်ငန်းတွေ၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေနဲ့ ဆက်စပ်မှု ရှိသလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။
နယ်စပ်ရှိ နယ်ခြားစောင့် တပ်မှူးဟောင်း စောချစ်သူ ဦးဆောင်တဲ့ တရားမဝင် လောင်းကစားနဲ့ အွန်လိုင်း လူလိမ်လုပ်ငန်းတွေမှာ နိုင်ငံခြားသား အများအပြားဟာ ကျွန်ပြုခံရသလို အခြေအနေမျိုးနဲ့ အတင်းအကြပ် အလုပ်စေခိုင်းခံနေရတယ်လို့ ပြန်လည် လွတ်မြောက်လာသူ တချို့က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တို့ ဦးဆောင်မှုနဲ့ ကျားဖျန့် လုပ်ငန်းတွေကို နှိမ်နှင်းခဲ့ပြီး နောက်ပိုင်း တရားမဝင် လုပ်ငန်းတွေဟာ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်သို့ ပြောင်းရွှေ့သွားကြတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။
ထိုင်းအစိုးရက ရွှေ့ပြောင်းနေထိုင်သူအများစုကို နိုင်ငံသား ဖြစ်ခွင့်ပေးတာ တရားမဝင် ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သက်သေခံ ကတ်တွေ ထုတ်ပေးပြီး တရားမဝင် နေထိုင်သူ ပပျောက်ဖို့ အလေးထား ဆောင်ရွက်နေပါတယ်။
Ref:Bangkokpost