မုဒုံ၊ နိုဝင်ဘာ ၁၃

ဖမ်းဆီးထားတဲ့ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးကို ညှိနှိုင်းဆွေးနွေးပြီးနောက် ပြန်လွှတ်ပေးလိုက်ပြီလို့ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP AD တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မွန်ပြည်နယ် မုဒုံမြို့နယ် ကျိုက်ရွဲကျေးရွာ ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံရှိ မန်နေဂျာအပါအဝင် ဝန်ထမ်းသုံးဦးကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

မွန်ပြည်သစ်ပါတီ NMSP AD ဟာ မွန်ဒေသမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံး အချိတ်ဆက်ယူ ဆက်သွယ်ကြပေမယ့် ပြောဆိုထားပေမယ့် ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံက အကြောင်းမပြန်တဲ့အတွက် သူတို့သုံးဦးကို ညှိနှိုင်းဆွေးနွေးဖို့ ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် သူတို့သုံးဦးနဲ့ ညှိနှိုင်းဆွေးနွေးပြီးနောက် နိုဝင်ဘာ ၉ ရက်နေ့မှာ ကောင်းမွန်စွာ ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ နိုင်ဗညားမွန်က ဆိုပါတယ်။

ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူတွေမှာ စက်ရုံမှူးဦးဘိုဘို၊ မန်နေဂျာဦးတင်ထွန်းအောင်နဲ့ တရုတ်နိုင်ငံသားပညာရှင်တစ်ဦး၊ စုစုပေါင်းသုံးဦး ပါဝင်ပါတယ်။

ဟွန်ဒါမြန်မာသစ်ပါးလွှာစက်ရုံ တာဝန်ရှိသူတွေ ဖမ်းဆီးခံရပြီးနောက် နိုဝင်ဘာ ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်ဘက်က ကျိုက်ရွဲကျေးရွာကနေ လက်ခတ်တောင်တစ်လျှောက် တောနင်းရှာဖွေတာတွေ ပြုလုပ်ခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ပြန်လည်လွတ်မြောက်လာတဲ့ ဝန်ထမ်းသုံးဦးကို ခေါ်ယူမေး မြန်းတာတွေ လုပ်ဆောင်နေတယ်လို့ စက်ရုံနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

မွန်ပြည်သစ်ပါတီ NMSP က ခွဲထွက်လာတဲ့ မွန်ပြည်သစ်ပါတီ NMSP AD ဟာ ဒေသတွင်းရှိ တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီတော်လှန်နေတဲ့ မွန်တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NMSP-AD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.