ပုလော၊ နိုဝင်ဘာ ၁၃

တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ ကျွန်းစုမြို့နယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေရှိ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ နှစ်ဖက်စစ်ရေး တင်းမာနေတာကြောင့် ညပိုင်းခရီးမသွားလာကြဖို့ တနင်္သာရီ တိုင်းစစ်ဌာနက နိုဝင်ဘာ ၁၁ ရက်နေ့စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။

မြိတ်ခရိုင်အတွင်းရှိ ပုလောမြို့နယ်၊ မြိတ်မြို့နယ်နဲ့ တနင်္သာရီမြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ အောက်တိုဘာ ဒုတိယပတ်ကစပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

ဒါ့အပြင် စစ်ကြောင်းထိုးလှုပ်ရှားနေတဲ့ နေရာတိုင်းမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို အဓမ္မဖမ်းဆီးတာ၊ ပေါ်တာဆွဲတာနဲ့ အရပ်သားပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး စစ်ရေးလှုပ်ရှားတွေနဲ့ အရပ်သားပြည်သူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေပါတယ်။

စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးထောက်တိုင် ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေလည်း စစ်ကောင်စီရဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းပေးနေပြီး ပြည်သူတွေကို အဓမ္မစစ်မှုထမ်းစေဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် တိုင်းစစ်ဌာနဗျူဟာ ၃၅ နယ်မြေ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းစစ် ကြောင်းတွေမှာ အဲဒီမြို့နယ်တွေမှာ စစ်ရေးတိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ် အုပ်ချုပ်ရေးပစ်မှတ်တွေကိုပါ တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ်သုံးမြို့ရှိ ပြည်သူတွေအနေနဲ့ ပုလောမြို့နယ် ပြည်ထောင်စုလမ်းမကြီးပိုင်း၊ မြိတ်မြို့နယ် မြိတ်မြို့ အထွက် ကျောက်ဖြူတောင်လမ်းဆုံမှ သာရမဲ၊ အင်္ဂမော်၊ ကြေးနန်တိုင် လမ်းတစ်လျှောက်နဲ့ တနင်္သာရီမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ မနက် ၆ နာရီမှ ည ၆ နာရီအတွင်းသာ သွား လာကြဖို့ အသိပေးထားပါတယ်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၁ ပြန်ကြားရေး တာဝန်ခံက စစ်ကောင်စီတပ်ဟာ အဲဒီမြို့ နယ်တွေက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ အရပ်သားကားတွေကို အသုံးပြုပြီး သွားလာနေတာကြောင့် နှစ်ဖက်ထိပ်တိုက်တွေ့တဲ့အခါ အရပ်သားပြည်သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် ကြိုတင်အသိပေးထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ခရီးသွားကားတွေအနေနဲ့ မှန်ချပြီးမှသာ မောင်းနှင်းကြဖို့၊ ကုန်ကားတွေလည်း အလုံပိတ်ဖုံးအုပ်ထားခြင်း လုံးဝမပြုလုပ်ကြဖို့နဲ့ စစ်ကောင်စီမှ အသွင်ယူလုပ်ဆောင်မှုတွေ ရှိနေတာကြောင့် လေး နက်စွာ တားမြစ်ခြင်းဖြစ်ပြီး လိုက်နာခြင်းမရှိဘဲ အကြောင်းတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက သက် ဆိုင်သူရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ပုလောမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင် စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးကို အသုံးမပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး ထုတ်ပြန်ခဲ့ပါသေးတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Tanintharyi PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.