ကော့သောင်း၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မာရမ်းကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ခမောက်ကြီး အခြေစိုက်တပ်စခန်းမှ အင်အား ၈၀ကျော်နဲ့ မာရမ်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို အောင်ချမ်းသာ ကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့က တစ်လေးလုံးအထိမ်းအမှတ်အဖြစ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်အ ပြန်အလှန်ပစ်ခတ်မှု မိနစ်အနည်းငယ်အကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို ခမောက်ကြီးမြို့ကို ချက် ချင်းသယ်ဆောင်သွားသလို နှစ်ဖက်တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိတာမရှိဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတဲ့နေ့မှာပဲ အောင်ချမ်းသာကျေးရွာ လမ်းဆုံမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီး နောက်နေ့မနက်ပိုင်းမှာတော့ ဆိပ်ဖူးကျေးရွာကို ဆက်လက်စစ်ကြောင်းထိုးခဲ့ပါတယ်။

ဆိပ်ဖူးကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းက ဒေ သခံအမျိုးသားတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့သလို အဲဒီထဲက ဒေသခံအမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူပိုင်တဲ့ကားကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံရဲဘော်တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီစစ်ကြောင်းဟာ ဆိပ်ဖူးကျေးရွာကတဆင့် မာရမ်းကျေးရွာထဲကို ဆက်လက်စစ်ကြောင်းထိုးနေပြီး အဲဒီတစ်ဝိုက်မှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုမှာ သန်း ခေါင်စာရင်းကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီးနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ပစ်ခတ်ခံရပြီး ပျူစောထီးနှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.