နောင်ချို၊ နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ကို စစ်ကောင်စီလေတပ်မှ ဂျက်ဖိုက်တာ လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က နိုဝင်ဘာ ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ နောင်ချိုမြို့ ရဲစခန်း၊ ဈေးရပ်ကွက်နဲ့ တောင်ရပ်ကွက်တွေကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာ တိုက်ခိုက်ရေးလေယာဉ်နဲ့ ပေါင် ၃၀၀ ဗုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် ရဲစခန်းနဲ့ ဈေးရပ်ကွက်အတွင်းရှိ နေအိမ် ၄ လုံးနဲ့ တောင်ရပ်ကွက်မှ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိခဲ့ဘူးလို့ TNLA က ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂ ရက်နေ့နဲ့ ၄ ရက်နေ့မှာလည်း နောင်ချိုမြို့ မြောင်ဇီးရွာနဲ့ ဆမ္မယ်ကျေးရွာတွေကို စစ်ကောင်စီတပ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ပြီး ဒေသ ခံ ၃ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလတစ်လအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူတွေကို ဦးတည်ကာ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တအာင်းဒေသအတွင်းရှိ အ ရပ်သားပြည်သူ ၃၄ ဦး သေဆုံးပြီး နေအိမ် ၁၀၀ ကျော်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.