ကိဗ်၊ နိုဝင်ဘာ ၁၂

မကြာမီ ဒေါ်နယ်ထရန့် အိမ်ဖြူတော်သို့ ရောက်ရှိလာတော့မယ့်အချိန်မှာ အီးယူ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက် ဘော်ရဲလ်က ယူကရိန်းမှာ ရုရှားကို အနိုင်ယူခွင့်ပေးလိုက်ရင် အမေရိကန်အတွက် ရှုံးနိမ့်မှု တစ်ခု ဖြစ်လိမ့်မယ်လို့ နိုဝင်ဘာ ၁၁ ရက်မှာ သတိပေးလိုက်ပါတယ်။

“ယူကရိန်း ပြိုလဲပြီး စစ်ပွဲမှာ ပူတင် အနိုင်ရခဲ့မယ်ဆိုရင် အမေရိကန်အတွက် အောင်ပွဲ တစ်ခု မဟုတ်တာ အသေအချာပါပဲ” လို့ ထရန့် အမေရိကန် ရွေးကောက်ပွဲ အနိုင်ရပြီး နောက်ပိုင်း ကိဗ်သို့ ပထမဆုံး လာရောက်တဲ့ အဆင့်အမြင့်ဆုံး အီးယူအရာရှိ ဂျိုးဆပ် ဘော်ရဲလ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

ထရန့် ရွေးကောက်ပွဲ အနိုင်ရတာကြောင့် ရုရှားကို တိုက်ထုတ်ဖို့ ကြိုးပမ်းနေတဲ့ ယူကရိန်းအတွက် ဝါရှင်တန်ရဲ့ အကူအညီတွေ အဆုံးသတ်သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ယူကရိန်းနဲ့ ဥရောပမှာ မြင့်တက်နေပါတယ်။

မဲဆွယ်ကာလအတွင်း ထရန့်ရဲ့ ပြောဆိုမှုတွေက ယူကရိန်းအတွက် အမေရိကန်ရဲ့ စစ်ရေးနဲ့ဘဏ္ဍာရေး အကူအညီ ဆက်လက် ရရှိရေး သံသယတွေ ဖြစ်ပေါ်စေခဲ့ပြီး သူက စစ်ပွဲ အဆုံးသတ်ဖို့ သဘောတူညီမှု တစ်ရပ်ကို အလျင်အမြန် ရယူနိုင်တယ်လို့ ပြောဆိုခဲ့တာပါ။

လာမယ့်လမှာ ရာထူးက ထွက်တော့မယ့် အီးယူ သံတမန် ဘော်ရဲလ်ရဲ့ နောက်ဆုံး ယူကရိန်းခရီးစဉ်ဟာ အမေရိကန် ရွေးကောက်ပွဲ ရလဒ်နဲ့ မဆိုင်ဘဲ ယူကရိန်းကို အီးယူက ဆက်လက် ထောက်ခံ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထပ်မံ အတည်ပြုဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဖုန်းခေါ်ဆိုမှု တစ်ခုအတွင်း ထရန့်နဲ့ ပူတင်တို့ ယူကရိန်းအရေး ဆွေးနွေးခဲ့တယ်ဆိုတဲ့ ဝါရှင်တန်ပို့စ်ရဲ့ ဖော်ပြချက်ကို ကရက်မလင် နန်းတော်က ပယ်ချထားပါတယ်။

နှစ်နိုင်ငံ ခေါင်းဆောင် နှစ်ဦး ဆွေးနွေးခဲ့သလား ဆိုတာကို အသေအချာ မသိရပေမယ့် သူတို့နှစ်ယောက်ဟာ တချိန်ချိန်မှာ ဆွေးနွေးကြရမှာ ဖြစ်တယ်လို့ သံတမန် ဘော်ရဲလ်က ပြောပါတယ်။

ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ် ရှူးဇ် အပါအဝင် အီးယူ ခေါင်းဆောင်တွေက ပူတင်နဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပြောဆိုထားတာဟာ အံ့သြစရာ မဟုတ်ဘူးလို့ ဘော်ရဲလ်က ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှားက ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ဥရောပ နိုင်ငံတွေက ယူကရိန်းကို ဒေါ်လာ ၁၂၅ ဘီလီယံ ကူညီပေးထားပြီး အမေရိကန် တစ်နိုင်ငံတည်းက ဒေါ်လာ ၉၀ ဘီလီယံ ကျော် ကူညီထားပါတယ်။

ပူတင်ရဲ့ ရည်ရွယ်ချက်က ယူကရိန်း ပြည်သူတွေကို ရုရှား ကြီးစိုးမှုအောက် ထားရှိရေး ဖြစ်တာကြောင့် မဖြစ်မနေ ခုခံ တွန်းလှန်ရမှာ ဖြစ်တယ်လို့ ဘော်ရဲလ်က ပြောပါတယ်။

ဒေါ်နယ်ထရန့်က ယူကရိန်း စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်အောင် လုပ်ဆောင်မယ်လို့ ပြောထားပြီး သူ့ရဲ့ နိုင်ငံရေးဆိုင်ရာ အကြီးတန်း အကြံပေး အရာရှိက ယူကရိန်းအနေနဲ့ စစ်ပွဲ အနိုင်ရရေးထက် ငြိမ်းချမ်းရေးကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ ပြောဆိုထားပါတယ်။

ဒါကြောင့် ထရန့်ရဲ့ စစ်ပွဲ အဆုံးသတ်ရေး အစီအစဉ်အရ ယူကရိန်း အနေနဲ့ လက်ရှိ ရုရှား သိမ်းထားတဲ့ နယ်မြေတွေကို လက်လွှတ်ပြီး ငြိမ်းချမ်းရေး ရယူသင့်တယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.