မင်းတပ်၊ နိုဝင်ဘာ ၁၂

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီဘက်က နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာအပြင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါအဝင် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့တယ်လို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်နေ့ နေလည်ပိုင်းမှာလည်း မင်းတပ်မြို့ကို စစ်ကောင်စီလေတပ်က Y12 တိုက်ခိုက်ရေး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး မြို့ထဲက နေအိမ်တွေကိုလည်း စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးနေတာပါ။

စစ်ကောင်စီဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုတစ်ပတ်အတွင်း ဘုရားကျောင်းအပါအဝင် လူနေအိမ် ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာ ၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ရှိ ဇီးပေါက်ကျေးရွာကို စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုင်းနဲ့ ပြည်နယ်အချို့မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေနဲ့ နှစ်ဖက်တိုက် ပွဲတွေကြောင့် အရပ်သားပြည်သူတွေဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေကြောင့် ကျန်းမာရေးချို့တဲ့မှု ဖြစ်ပေါ်နေကာ လူသေဆုံးမှုတွေ ရှိနေတယ်လို့ AAPP က ဆိုပါတယ်။

အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်စုစုပေါင်း တစ်သိန်းကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ Data For Myanmar က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.