ဖာပွန်၊ နိုဝင်ဘာ ၁၂
စစ်ရေးဗျူဟာအရ အရေးပါတဲ့ ခေါပုတ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး တစ်ပတ်ကျော်အကြာ စစ်ကောင်စီတပ်ရဲ့ နောက်ထပ်သက်တမ်းရင့် စခန်းတစ်ခုဖြစ်တဲ့ ဖာပွန်မြို့အနီးက ကူးဆိပ်တပ်စခန်းကို KNLA/ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ကရင်ပြည်နယ် ဖာပွန်မြို့နယ် ဖာပွန်မြို့နဲ့ မထောကျေးရွာကြား ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းမကြီးပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်စခန်းကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့တာပါ။
ကူးဆိပ်တပ်စခန်းကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ပြီး ၄ ရက်အကြာ နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်မှာ စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးပြီး လက်နက်ကြီး ၃ လက်၊ လက် နက်ငယ် ၃ လက်၊ ကျည်ဆံ ၁၀၀၀ ကျော်နဲ့ ဂျမ်ပါ ၃ လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ KNU တပ် မဟာ ၅ ပြောခွင့်ရ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကူးဆိပ်စခန်းကို ဝင်ရောက်သိမ်းပိုက်ရရှိပြီးနောက် စစ်ကောင်စီတပ်ဖက်က တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။
ဖာပွန်မြို့အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ကူးဆိပ်တပ်စခန်းနဲ့ ခေါပုတ်တပ်စခန်းတို့ဟာ တိုက်ခိုက်သိမ်းပိုက်ခံရတဲ့အတွက် ဖာပွန်စစ်ဗျူဟာနဲ့ ခမရ ၃၄၀ ခမရ ၃၄၁ တပ်ရင်းတို့ကို ကာကွယ်ဝန်းရံထားတဲ့ တပ်စခန်းတွေ မရှိတော့ဘဲ ဖာပွန်-ကတိုင်တိ-ကမမောင်း ကားလမ်းပေါ်မှာတော့ မထော တောင်သုံးလုံး ကတိုင်တိစတဲ့ တပ်စခန်းတွေ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဖာပွန်မြို့အနီးက စစ်ကောင်စီဗျူဟာတပ်ရင်းတွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ဆက်လက်ဝိုင်းရံထားဆဲဖြစ်ပြီး ဗျူဟာတပ်ရင်းမကျရေးအတွက်လည်း စစ်ကောင်စီတပ်က အပြင်းအထန်ခုခံနေကာ လက်နက်ခဲယမ်းရိက္ခာပစ္စည်းတွေအတွက် လေကြောင်းကိုသာ အား ထားအသုံးပြုနေရတာပါ။
KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေအတွင်းမှာတော့ စစ်တပ်အာဏာမသိမ်းခင်က တပ်စခန်းပေါင်း ၇၀ ကျော်ရှိတဲ့အထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်းကာလတွေအတွင်း ဖာပွန်ခရိုင်မှာ တပ်စခန်းပေါင်း ၁၀ ခုဝန်း ကျင်လောက်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU/PDF