မကွေး နိုဝင်ဘာ ၁၂
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ပထမဆုံးအကြိမ်လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂နာရီ ၅၉ မိနစ်မှာ ပုသိမ်-မုံရွာ လမ်းပိုင်းကြီးဝ တမံလမ်းခွဲမှာ ဗုံးသုံးလုံး၊ ကျွဲခြံနဲ့လယ်မရွာတွေကို ဗုံးနှစ်လုံးနဲ့ ပစ်ခတ်သွားတာပါ။
“MI 35 နဲ့လာပြီးတော့ပစ်သွားတာ၊ သုံးမိုင်ကို သုံးလုံး၊ ကျွဲခြံကို နှစ်လုံးပစ်တာ၊ အခုလည်း ထပ်ဝဲနေတာမို့လို့ အခြေအနေကိုမသိရသေးဘူး။ ထိခိုက်တာကို စုံစမ်းနေပါတယ်” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီက ဆင်လူးကျေးရွာက ဒေသခံတွေကို တစ်အိမ်တစ်ယောက်နှုန်းနဲ့ လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျွဲခြံ၊ လယ်မရွာတွေဘက်ကို နိုဝင်ဘာ ၁၂ရက်မှာပဲ စစ်ကြောင်းထိုးလာတာပါ။
အဲဒီစစ်ကြောင်းကြောင့် ဒီလိုလေကြောင်းကနေ ပစ်ခတ်တာမျိုး ဖြစ်နိုင်ပြီး နိုဝင်ဘာ ၉ ရက်ကစလို့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ဒီပစ်ခတ်မှုဟာ ပွင့်ဖြူမြို့နယ်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ အနီးနားကျေးရွာက စစ်ရှောင်ချင်သူတွေကို စစ်ကောင်စီက သွားလာခွင့်တွေပိတ်ပင်ထားတယ်လို့ သိရပါတယ်။
ပွင့်ဖြူမြို့နယ်နဲ့ စေတုတ္တရာမြို့နယ်မှာ ကျွဲခြံ၊ လယ်မရွာတွေက ဒေသခံတွေ အပါအဝင် စစ်ဘေးရှောင်ဦးရေ ၂၀၀၀ နီးပါးအထိရှိနေပြီး အမိုးအကာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မင်းဘူးခရိုင် အမှတ် ၇ တပ်ရင်း