ကျောက်ကြီး၊ နိုဝင်ဘာ ၁၂

ပဲခူးတိုင်း ကျောက်ကြီးမြို့ကနေ နတ်သံကွင်းမြို့ဘက်ကို ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ မနက် ၅ နာရီခွဲအချိန်က ကျောက်ကြီးမြို့နယ် ကျွန်းကုန်းကျေးရွာထိပ်မှာ အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ အထူးကွန်မန်ဒိုတပ်ရင်း(ရိုးမ-၂ စစ်ကြောင်း)တို့အကြား ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၀ ဦးသေဆုံးခဲ့ကာ အထိနာသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

တိုက်ပွဲအပြီး မနက် ၁၀ နာရီကျော်အချိန်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းပြီး တိုက်ပွဲဖြစ်ပွားရာနေရာတွေကို ဝင်ရောက်ရှင်းလင်းခဲ့ရာ MA-3 သေနတ်တစ်လက်အပါအဝင် ခဲယမ်းတွေ ခြင်းကျား ၇ လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာလည်း ကျောက်ကြီးမြို့နယ် ကျွန်းကုန်းကျေးရွာဘက်ကို ဖောက်ဆင်းလို့မရတော့တဲ့အတွက် စစ်ကောင်စီတပ်က မနက် ၅ နာရီအချိန်ကစပြီး ရွာကြီးအင်းကျေးရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းခွဲကာ စတင်ထိုးဖောက်ဝင်ရောက်လာခဲ့ရာ KNLA အထူးကွန်မန်ဒိုတပ်ရင်း(ရိုးမ-၂ စစ်ကြောင်း)နဲ့ ပူးပေါင်းဒရုန်းတပ်ဖွဲ့တွေက လက်ဦးမှုရယူပြီး စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ပွဲမှာ တစ်နေ့ကုန်ကြာမြင့်ခဲ့ပြီး ညနေ ၄ နာရီအချိန်မှာ အထိနာသွားခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ကျောက်ကြီးမြို့နယ် ဒုံးတိုကျေးရွာနဲ့ ဆိပ်ကြီးကျေးရွာဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာတော့ စစ်ကောင်စီတပ်ဘက်က တပ်ကြပ်ကြီးတစ်ဦးအပါအဝင် အလောင်း ၃ လောင်းကျန်ခဲ့ပြီး စစ်ကောင်စီအဖွဲ့ဝင် ၁၂ ဦးကျော် သေဆုံးခဲ့ကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော်တစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နေ့မှာ ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာကို မနက် ၆ နာရီအချိန်မှာ စစ်ကောင်စီတပ်က ထပ်မံထိုးဖောက်ဝင်ရောက်လာခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ထပ်မံအထိနာခဲ့ပြီး တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဖြစ်ကြတဲ့ KNLA ရိုးမ-၁ စစ်ကြောင်း ရိုးမ-၂ စစ်ကြောင်း၊ ဖြူးပကဖအဖွဲ့တို့ကို စစ်ကောင်စီတပ်တပ်က မထိုးဖောက်နိုင်တော့ဘဲ နေ့လည် ၁၂ နာရီမှာ ဂျက်ဖိုက်တာလေယာဉ် ၂ စီးနဲ့ လာရောက်ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းပစ်ကူအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘဲ လေယာဉ်ကနေ ကြဲချလိုက်တဲ့ ဗုံးတွေဟာ စစ်ကောင်စီတပ်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က မြေပြင်ကနေ ပွိုင့်ဖွိုက်လက်နက်နဲ့ သူတို့ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် လေယာဉ် ၂ စီးမှာ တောင်ငူလေတပ်ကို လှည့်ပြန်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ကျောက်ကြီးမြို့ဘက်ကို ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံးခဲ့ကာ ၁၅ ဦးနီးပါး ထိခိုက်ကျိုးပြတ် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.